လောင်းလုံးမြို့နယ်၌ (တတိယအကြိမ်) ယူရီးယားဓာတ်မြေဩဇာ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူး‌ပေးအပ်ခြင်းအခမ်းအနားကျင်းပ

လောင်းလုံး ဩဂုတ် ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၌ ယနေ့နံနက် ၉ နာရီက ၂၀၂၅ခုနှစ်၊ မိုးရာသီမိုးစပါးပန်းတိုင်စံပြကျေးရွာ၊ မျိုးစေ့ထုတ်စိုက်ခင်း၊ စံပြကွက်၊ စမ်းသပ်ကွက်နှင့် မိုးစပါးစိုက်ပျိုးသည့်တောင်သူများအား (တတိယအကြိမ်) ယူရီးယားဓာတ်မြေဩဇာ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူး‌ပေးအပ်ခြင်းအခမ်းအနားကို ထားဝယ်မြို့၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာအခမ်းအနားတွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်ဇေယျက အမှာစကားပြောကြားပြီး လောင်းလုံးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ထိုက်က နိုင်ငံတော်အနေဖြင့် ဒေသခံတောင်သူများ ဝင်ငွေတိုးတက်ရရှိကာ လူမူစီးပွားဖွံ့ဖြိုးတိုးတက်လာစေရန် ဓာတ်မြေဩဇာများအား ဈေးနှုန်းချိုသာစွာဖြင့် ထောက်ပံ့ပေးနိုင်ရေး၊ မျိုးကောင်းမျိုးသန့်များရရှိစေရေးနှင့် စိုက်ပျိုးနည်း စနစ်များ မှန်ကန်စွာစိုက်ပျိုးနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်ပေးနေလျက်ရှိကြောင်း၊ ဒေသခံ တောင်သူများအားလုံးကလည်း သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ပူးပေါင်းကာ ကြိုးစား ဆောင်ရွက်ကြဖို့လိုကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် စိုက်ပျိုးရေးထွက်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရာတွင် ကုန်ကျစရိတ်သက်သာပြီး လယ်ယာမြေအတွက် ရေရှည်အကျိုးပြုနိုင်သည့် သဘာဝမြေဩဇာများကို စနစ်တကျ ထည့်သွင်းအသုံးပြုကြဖို့လိုကြောင်း၊ မြို့နယ်အတွင်းတောင်သူများအနေဖြင့် မိုးရာသီမိုးစပါးစိုက်ပျိုးဧက အထွက်နှုန်း တိုး၍ မိသားစုစားဝတ်နေရေးအတွက် ဝင်ငွေရရှိပြီး တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု နိုင်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ လောင်းလုံးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတိုးလွင်က ၂၀၂၅ခုနှစ် အတွက် မိုးရာသီမိုးစပါးပန်းတိုင်စံပြကျေးရွာ၊ မျိုးစေ့ထုတ်စိုက်ခင်း၊ စံပြကွက်၊ စမ်းသပ်ကွက်နှင့် မိုးစပါးစိုက်ပျိုးသည့်တောင်သူများအား (တတိယအကြိမ်) ယူရီးယားဓာတ်မြေဩဇာ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူး‌ပေးအပ်ခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ထားဝယ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ဦးကျော်ဇေယျ၊ လောင်းလုံးမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးအောင်မြတ်ထိုက်နှင့် တာဝန်ရှိသူများက တောင်သူများထံသို့ ယူရီးယားဓာတ်မြေဩဇာနှင့် ပျိုးပင်များအားပေးအပ်ကာ အခမ်းအနား ရုပ်သိမ်းလိုက်‌ကြောင်းသိရပြီး လောင်းလုံးမြို့နယ်အတွင်းရှိ မိုးရာသီမိုးစပါးပန်းတိုင်စံပြကျေးရွာ၊ မျိုးစေ့ထုတ်စိုက်ခင်း၊ စံပြကွက်၊ စမ်းသပ်ကွက်နှင့် မိုးစပါးစိုက်ပျိုးသည့်တောင်သူများအား ယူရီးယား ဓာတ်မြေဩဇာတစ်အိတ်လျှင် ၄၈၀၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်း ၂၈၀ အိတ်ကို ကျေး ရွာရှိတောင်သူများအား စျေးနှုန်းချိုသာစွာဖြင့်ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးတိုးလွင်ထံမှသိရသည်။

သိန်းသိန်း(လောင်းလုံး)