နောင်တရား ဩဂုတ် ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအတွက် မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် နောင်တရား အ.ထ.က ကျောင်းအုပ်ဆရာမကြီး ဒေါ်လေးနွယ်က အဖွင့်အမှာစကားပြောကြားပြီး နောင်တရားနယ်မြေရဲစခန်းမှ ဒုရဲအုပ် ကျော်သူလင်းက မူးယစ်ဆေးဝါးရောင်းဝယ်ခြင်း၊ လက်ဝယ်ထားရှိခြင်းနှင့် သုံးစွဲခြင်းများအတွက် ပြစ်မူပြစ်ဒဏ်များကိုလည်းကောင်း၊ လူကုန်ကူးမှုဖြစ်ပေါ်စေနိုင်သော ဖြစ်ရိုးဖြစ်စဉ်များအကြောင်းကို ဆွေးနွေးခဲ့သည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများက မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းကြပြီး ဒုရဲအုပ်မှ ပြန်လည်ဆွေးနွေးသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးလုပ်ငန်းအဖြစ် ပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ် နံရံကပ်စာစောင်နှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)