သံတောင်ကြီးဒေသထွက် တောင်ပေါ်ကွမ်းရွက်ကြမ်းများ အထွက်နှုန်းကောင်းပြီးဈေးနှုန်း အနည်းငယ်ကျဆင်း

သံတောင်ကြီး ဩဂုတ် ၁၅

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများသည် ဉယျာဉ်ခြံလုပ်ငန်းဖြစ်သော နှစ်ရှည်ခံပင်များကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ တောင်ပေါ်ကွမ်းရွက်ကြမ်းများကို နှစ်ရှည်ခံပင်များဖြစ်သည့် ကွမ်းသီးပင်နှင့် သစ်ပင်ကြီးများပေါ်တွင် တောင်ပေါ်ကွမ်းရွက်ကြမ်းများနှင့်တွဲဖက်၍ စိုက်ပျိုးလျက်ရှိပြီး ယခုမိုးတွင်းအချိန်တွင် တောင်ပေါ်ကွမ်းရွက်ကြမ်းများ အထွက်နှုန်းကောင်းပြီး  ဈေးနှုန်း အနည်းငယ်ကျဆင်းလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဒေသခံပြည်သူများသည် တောင်ပေါ်ကွမ်းရွက်ကြမ်းများကိုတစ်နှစ်လျှင် (၃) ကြိမ်နှုန်းဖြင့် ခူးယူပြီးယခုဩဂုတ်လ ဒုတိယပတ်တွင် ပထမအကြိမ်တောင်ပေါ်ကွမ်းရွက်ကြမ်းများကို ခူးယူလျက်ရှိသည်။ အဆိုပါ တောင်ပေါ်ကွမ်းရွက်ကြမ်းများကိုသံတောင်ကြီးမြို့ပေါ်တွင်သာမကအများအားဖြင့် တောင်ငူမြို့ရှိ တောင်ပေါ် ကွမ်းရွက်အရောင်းအဝယ်လုပ်ကိုင်သူများထံရောင်းချရာ ယခုအချိန်တွင် တောင်ပေါ်ကွမ်းရွက်ကြမ်း (၁၀)ပိဿာလျှင်ကျပ်(၁၅၀၀၀)မှကျပ်(၁၈၀၀၀)ထိသာ ရရှိကြောင်း တောင်ပေါ်ကွမ်းရွက်ကြမ်းရောင်း ဝယ်လုပ်ကိုင်သူဦးစောခန့်ဝင်းထံက သိရသည်။

နော်နော်မူ