စဉ့်ကိုင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်‌ရေး လူငယ်စကားဝိုင်း ကျင်းပ

စဉ့်ကိုင် ဩဂုတ် ၁၅

ကျောင်းသား/ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတကြွယ်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆွေးနွေးမှုများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ နိုင်ငံတောအတွက် အကျိုးပြုနိုင်သော အနာဂတ်သားကောင်းရတနာ၊ သမီးကောင်းရတနာများ ပေါ်ထွန်းလာ‌စေရန် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊  စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအလယ်တန်း‌ကျောင်း (တောမ)တို့ ပူးပေါင်းကာ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ဩဂုတ်လ ၁၄ ရက်နေ့ နံနက် ၁၀နာရီ ၃၀ မိနစ်က အဆိုပါကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

လူငယ်စကားဝိုင်းတွင် အ.လ.က (တောမ) မှကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကား ပြောကြားပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းဝင်းသန်းက လူငယ်စကားဝိုင်းကျင်းပရခြင်းရည်ရွယ်ချက်များကို ပြောကြားရာတွင် ကျောင်းသား/ ကျောင်းသူ လူငယ်များအနေဖြင့် ပြင်ပစာပေဗဟုသုတများကို လေ့လာဖတ်ရှုရန်၊ လူငယ်အချင်းချင်း ချစ်ခင်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်‌ကောင်းများကို ရရှိစေရန်နှင့် စဉ်းစားဉာဏ်နှင့်အတွေးအခေါ်များကို ရရှိစေရန်၊လူငယ်များ အသိပညာ၊ အတတ်ပညာနှင့် လူ့ကျင့်ဝတ်တန်ဖိုးမြှင့်တင်ပေးရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဆိုတဲ့ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စကားပြောစွမ်းရည်များ ကျွမ်းကျင်စွာတက်မြောက်ပြီး လူအများရှေ့တွင် ရဲရဲဝံ့ဝံ့ပြောဆိုတက်စေ‌ရေးတို့ကို ရည်ရွယ်၍ ယခုလို လူငယ်စကားဝိုင်းကို ကျင်းပပြုလုပ်ရကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက Moderator အဖြစ် ဦးဆောင်ဆွေးနွေးခဲ့ပြီး အ.လ.က (တောမ) ကျောင်းမှ Grade-9  ကျောင်းသား မောင်ဝေယံမင်းက  “လူငယ်နှင့်ပညာရေး” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade-8 ကျောင်းသူ မမေမြတ်နိုးဝတီထွန်းက “လူငယ်နှင့်မူးယစ်ဆေးဝါး” ခေါင်းစဉ်ဖြင့်လည်ကောင်း၊ Grade-8 ကျောင်းသား မောင်သော်ဇင်ထိုက်က “လူငယ်နှင့် စာဖတ်ခြင်း” ခေါင်းစဉ်ဖြင့်လည်ကောင်း၊ Grade -9 ကျောင်းသား မောင်အောင်မြင့်မြတ်က “လူငယ်နှင့်အားကစား”  ခေါင်းစဉ်ဖြင့်လည်း‌ကောင်း၊ Grade-9 ကျောင်းသား မောင်လင်းပြည့်ဖြိုးက “လူငယ်နှင့် ဆိုရှယ်မီဒီယာ” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။ ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား/ ကျောင်းသူများက ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ် သိရှိလိုသည်များအား မေးမြန်းခဲ့ရာ မြို့နယ်ဦးစီးအရာရှိက ပြန်လည်ဖြည့်စွက်ဆွေးနွေးခဲ့သည်။

၎‌င်းနောက် ကျောင်းအုပ်ဆရာမကြီးကိုယ်စား အလယ်တန်းပြဆရာမ ဒေါ်ယုမွန်‌ကျော်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ စကားဝိုင်းအပြီးတွင် ခန်းမအတွင်း ပြသထားသော အသိပညာပေးနံရံကပ်စာစောင်များအား စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ကျော်စွာ (စဉ့်ကိုင်)