ကာလိမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်

ကာလိ ဩဂုတ် ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် မီးသတ်​ဆေးဘူးများနှင့် ရေစိုအဝတ်များအသုံးပြု၍ မီးငြှိမ်းသတ်မှုလက်တွေ့သရုပ်ပြသခြင်းကို ဩဂုတ်လ ၁၃ ရက်နေ့က SLM ကိုယ်ပိုင်ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကာလိမြို့ မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးရဲမင်းဟိန်းနှင့် တပ်ဖွဲ့ဝင်များက မီးလောင်ရခြင်းအကြောင်းအရင်းများ၊ မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြှိမ်းသတ်ခြင်း၊ မီးအတန်းစားများအား ရှင်းလင်းခြင်း၊ မီးငြှိမ်းသတ်နည်း (၄)နည်းအား ရှင်းလင်းခြင်း၊ ဂက်(စ်)အိုးမီးငြှိမ်းသတ်နည်းများအား ရှင်းလင်းခြင်း စသည့် မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ရမည့် ဗဟုသုတများကို အသိပညာပေး ပြောကြားခဲ့သည်။

ဆက်လက်၍ ကာလိမြို့ မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးရဲမင်းဟိန်းနှင့် တပ်ဖွဲ့ဝင်များက SLM ကိုယ်ပိုင်ကျောင်းရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား မီးသတ်ဆေးဘူးတွင်ပါရှိရမည့် သတ်မှတ်ချက်အရည်အ‌သွေး ပြည့်၀မှု ရှိ၊ မရှိ စစ်ဆေးနည်း၊ မီးသတ်ဆေးဘူးအသုံးပြုနည်း၊ မီးငြှိမ်းသတ်နည်း၊ ဆီမီးလောင်မှု၊ ရေစိုအ၀တ် အသုံးပြုမီးငြှိမ်းသတ်နည်းများကို လက်တွေ့ပြသပေးခဲ့ပြီး ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများကို ကိုယ်တိုင်လက်တွေ့ငြှိမ်းသတ်စေခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)