ခန္တီးမြို့၌ စာပေချစ်မြတ်နိုးသူ (Youth Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

ခန္တီး ဩဂုတ် ၁၄

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများအသိပညာပြန့်ပွားရေးအတွက် အသိပညာပေးလုပ်ငန်းများစွာ ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် လူငယ်များအတွေးအခေါ်မြင့်မားလာစေရန်၊ စကားပြောစွမ်းရည်ကြွယ်ဝလာစေရန်နှင့် လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်တတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ စာပေချစ်မြတ်နိုးသူ (Youth Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ခန္တီးခရိုင်ပြည်သူ့စာကြည့်တိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ခန္တီးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်အေးအေးခန့်က စာရေးဆရာကိုကိုလင်း (အမေ့အိမ်) ရေးသားထားသည့် လူကြီးတွေက စပြင်ပါ လူငယ်ခံစားမှုအတွေးစာစုများ စာအုပ်မှ သင်ယူခြင်းခေါင်းစဉ်ဖြင့် ဦးဆောင်နွေးဆွေးခဲ့ပြီး မကြည်ဆွေက လောင်းရိပ်ကင်းပါစေ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မမေဒ္ဒါကျော်က ဘဝထဲကပညာ ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။

ထို့နောက် တက်ရောက်လာကြသည့် စာပေချစ်မြတ်နိုးသူ (Youth Club) အဖွဲ့ဝင်များက သိရှိလိုသည်များကိုမေးမြန်းရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက်တာဝန်ရှိသူများနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကမ်းကီး (ပြန်/ဆက်)