မကွေး သြဂုတ် ၁၄
မကွေးတိုင်းဒေသကြီး ၂၀၂၅-၂၀၂၆ ခုနှစ် GAP စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်သော မိုးနှမ်းသီးနှံစုပေါင်းရောင်းချပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မကွေးမြို့ မြင့်မြတ်တော်ဝင်လယ်ယာထွက်ကုန်ရောင်းဝယ်ရေးစက်ရုံ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် သက်ဆိုင်ရာဌာနအကြီးအကဲများ၊ GAP နှမ်း ဝယ်ယူမည့် ကုန်သည်လုပ်ငန်းရှင်များနှင့် လေ့လာရန်လာရောက်သည့် နေပြည်တော်ဒေသမှ တောင်သူများ၊ နှမ်းသီးနှံရောင်းချမည့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ GAP မိုးနှမ်းသီးနှံ စုပေါင်းရောင်းချပွဲမုခ်ဦးအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး မြင့်မြတ်တော်ဝင်လယ်ယာထွက်ကုန်ရောင်းဝယ်ရေးစက်ရုံအတွင်း GAP မိုးနှမ်းသီးနှံ စုပေါင်းရောင်းချပွဲအခမ်းအနား ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က မကွေးတိုင်းဒေသကြီးသည် စိုက်ပျိုးရေးကိုအခြေခံသည့် တိုင်းဒေသကြီးဖြစ်သည့်နှင့်အညီ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးမှာ အဓိကနှင့် အခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ်တိုးတက်၍ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စက်မှုကဏ္ဍ(Agro-based Industries) ဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူတို့၏ လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ်မြှင့်တင်ရေး ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ သီးနှံစိုက်စွမ်းအားမြင့်မားရေးအတွက် သီးထပ်သီးညှပ် တိုးချဲ့စိုက်ပျိုးရေး၊ သီးနှံထုတ်လုပ်မှု မြင့်မားရေးအတွက် ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးမှုကို အားပေးမြှင့်တင်ပြီး ဒေသတွင်း ဖူလုံမှုမှသည် ပြည်ပသို့ တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မကွေးတိုင်းဒေသကြီးဟာ စပါး၊ ဆီထွက်သီးနှံ(မြေပဲ၊ နှမ်း၊ နေကြာ)၊ ပဲမျိုးစုံသီးနှံ၊ စက်မှုကုန်ကြမ်းသီးနှံ(ဝါ၊ ကြံ)နှင့် စားဖိုဆောင်သီးနှ်အပါအဝင် သီးနှံစုံစိုက်ပျိုးထုတ်လုပ်သည့် တိုင်းဒေသကြီးဖြစ်ပြီး သီးနှံများ၏ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေးအတွက် သီးထပ်သီးညှပ်များစိုက်ပျိုးပြီး သီးနှံစိုက်စွမ်းအားနှင့် သီးထပ်စွမ်းအားမြင့်မားရေး ဆောင်ရွက်လျက်ရှိရာ ၂၀၂၄-၂၀၂၅ ခုနှစ်မှာ သီးနှံစုစုပေါင်းစိုက်ဧက သိန်း (၆၀)ကျော် စိုက်ပျိုးနိုင်ခဲ့ပြီး ယခင်နှစ်ထက် ဧက (၃)သိန်း ပိုမိုစိုက်ပျိုးနိုင်ခဲ့ပြီး ယခုနှစ်မှာလည်း စိုက်ဧကစုစုပေါင်း (၆၅)သိန်းကျော် စိုက်ပျိုးနိုင်ရေး စီမံချက်ချဆောင်ရွက်လျက်ရှိပါကြောင်း၊ အရည်အသွေးကောင်းသီးနှံတွေ စိုက်ပျိုးထုတ်လုပ်နိုင်ရန်အတွက် ဓါတ်မြေဩဇာများ၊ ဓါတုပိုးသတ်ဆေးများ စနစ်တကျသုံးစွဲရန် လိုအပ်မှာဖြစ်ပြီး အလွန်အကျွံအသုံးပြုပါက စားသုံးသူအန္တရာယ်ဖြစ်စေခြင်း၊ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းပြီး ကမ္ဘာကြီးပူနွေးလာစေခြင်းတို့ဖြစ်ပေါ်လာနိုင်ကြောင်း၊ ကမ္ဘာ့စားသုံးသူများ၏ လူနေမှုဘဝပုံစံတွေ ပြောင်းလဲလာခြင်းကြောင့် ဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေးကောင်းမွန်သည့် သီးနှံများထုတ်လုပ်ရေးအတွက် စိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်ကောင်းများ Good Agriculture Practices-GAP ဖြင့် စနစ်တကျ စိုက်ပျိုးထုတ်လုပ်ရေးသည် အရေးကြီးသည့် အခန်းကဏ္ဍတစ်ရပ်ဖြစ်ပါကြောင်း၊ GAP ကို ကျင့်သုံးဆောင်ရွက်ရာမှာ စားသုံးသည့်အစားအစာများ အန္တရာယ်ကင်းရှင်းရေး၊ သီးနှံများ၏အရည်အသွေးကောင်းမွန်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးနှင့် လုပ်သားများ၏ ကျန်းမာရေး၊ ဘေးအန္တရာကင်းရှင်းရေး၊ လူမှုဘဝသာယာရေးတို့ကို အဓိကထား ဆောင်ရွက်ပေးကြရမှာဖြစ်ပါကြောင်း၊ GAP စနစ်ကို ကျယ်ပြန့်စွာအသုံးပြုပါက လယ်ယာထုတ်ကုန်များ၏ အရည်အသွေးတိုးတက်ပြီး စီးပွားရေးအကျိုးအမြတ် ရရှိစေမည့်အပြင် သန့်ရှင်းသည့် စားသောက်ကုန်များ စားသုံးနိုင်မှာဖြစ်ပါကြောင်း၊ GAP စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်သည့် သီးနှံများကို ယခုလို စုပေါင်းရောင်းချခြင်းဖြင့် ခိုင်မာသည့်ဈေးကွက်ရရှိပြီး ဈေးကောင်းရကာ တောင်သူတစ်ဦးချင်းစီတိုင်း ဝင်ငွေတိုးတက်လာပြီး တောင်သူလယ်သမားများနှင့် ဆက်စပ်သူလုပ်ငန်းရှင်များအားလုံး ကြွယ်ဝချမ်းသာလာကြမှာဖြစ်ပါကြောင်းနှင့် လယ်ယာသီးနှံစိုက်ပျိုးရေးမှာ ပါဝင်ဆောင်ရွက်နေကြသည့် တောင်သူလယ်သမားများအပါအဝင် ပူးပေါင်းဆောင်ရွက်သူများအားလုံး စိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်ကောင်းများကို ထိရောက်စွာ လက်တွေ့အသုံးချဆောင်ရွက်ပေးခြင်းအားဖြင့် ဒေသစားရေရိက္ခာအတွက် ဘေးကင်းလုံခြုံစိတ်ချရသော လယ်ယာထွက်ကုန်များ ရရှိဖူလုံရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ GAP နှမ်း ဝယ်ယူမည့် ကုန်သည်လုပ်ငန်းရှင်များက မိတ်ဆက်ခဲ့ပြီး ဈေးပြိုင်စနစ်ဖြင့် ဈေးနှုန်းအဆိုပြုခြင်းနှင့် ဈေးနှုန်းသတ်မှတ်ခြင်းများ ဆောင်ရွက်ကာ ယနေ့ဝယ်ယူရောင်းချပွဲတွင် GAP မိုးနှမ်းသီးနှံအား နှမ်းနက် Grade A 260000/-ကျပ်၊ နှမ်းဖြူ Grade A 104000/-ကျပ်ဖြင့် ဈေးပြိုင်ဝယ်ယူရောင်းချခြင်းဖြစ်ပြီး ဒေသခံတောင်သူများ နှမ်းသီးနှံရောင်းချနေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က လှည့်လည်ကြည့်ရှု၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မောင်ညီညာ