ပုသိမ် ဩဂုတ် ၁၄
ဧရာဝတီတိုင်းဒေသကြီး ၂၀၂၅ ခုနှစ် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များနှင့် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားအား ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ယမန်နေ့ နံနက်ပိုင်းကပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့များ၊ အမျိုးသမီးရေးရာအဖွဲ့များ၊ ကိုယ်ဝန်ဆောင်များနှင့် မိခင်များနှင့် ကလေးငယ်များတက်ရောက်ခဲ့ကြကြောင်း သိရသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က “အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက်(၄)ရပ်အနက် တတိယဦးတည်ချက်ဖြစ်သည့်“နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် ခိုင်မာစေရေးအတွက်အမျိုးသားပညာရေးကဏ္ဍ၊ကျန်းမာရေးကဏ္ဍတို့ကို အလေးထားမြှင့်တင်ရေးကို ဦးတည်ကြိုးပမ်းဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာနေနိုင်ရေးနှင့် လူတိုင်းရောဂါဘယကင်းရှင်းရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဩဂုတ်လ(၁)လလုံးကို အာဟာရဖွံ့ဖြိုးရေးလှုပ်ရှားမှု ရက်သတ္တပတ်များအဖြစ် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး ပထမရက်သတ္တပတ်ကို မိခင်နို့စနစ်တကျတိုက်ကျွေးရေး ရက်သတ္တပတ်၊ ဒုတိယရက်သတ္တပတ်ကို ငါးနှစ်အောက် ကလေးများနှင့်ကျောင်းသားလူငယ်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်၊ တတိယရက်သတ္တပတ်ကို ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်၊ စတုတ္ထ ရက်သတ္တပတ်ကို အိုင်အိုဒင်းချို့တဲ့မှုပပျောက်ရေး ရက်သတ္တပတ်ဟူ၍ သတ်မှတ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ၏ ကျန်းမာရေးအဆင့်အတန်း မြင့်မားတိုးတက်လာစေရန်နှင့် ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုဘဝပုံစံများ သိရှိကျင့်သုံးစွဲမြဲစေရန် ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိသည့်အပြင် နှစ်စဉ်ဩဂုတ်လဒုတိယအပတ်ကို ကျောင်းကျန်းမာရေးသီတင်းပတ်အဖြစ် သတ်မှတ်ပြီး ကျောင်းကျန်းမာရေး သီတင်းပတ် အထိမ်းအမှတ်အခမ်းအနားများကို ဗဟိုအဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်၊ မြို့နယ်အဆင့်နှင့် ကျောင်းအဆင့်ဟူ၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုများကို တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ကျယ်ကျယ် ပြန့်ပြန့်ဆောင်ရွက်ခြင်းဖြင့် နှီးနွယ်ဌာနဆိုင်ရာများ၊ ကျောင်းကျန်းမာရေးကော်မတီ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့၊ မိဘဆရာအသင်းနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်း၊ ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပံ့ပိုးကူညီခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်သော အလေ့အကျင့်ကောင်းများကို ကျောင်းများမှတဆင့် ပြည်သူလူထုထံ လက်ဆင့်ကမ်းပညာပေးနိုင်ခြင်းဆိုသည့် အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ပြီး နိုင်ငံ၏ အရေးကြီးသည့် လူ့စွမ်းအားအရင်းအမြစ်ဖြစ်သည့် ကျောင်းသားလူငယ်များကို ဗလငါးတန်နှင့် ပြည့်ဝစေမှာဖြစ်သည့်အတွက် တက်ရောက်လာကြသူများမှ ပူးပေါင်းဆောင်ရွက်ကြရန် လိုပါကြောင်း”တိုက်တွန်းပြောကြားပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော် များသည် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှု ဗီဒီယိုပြသမှုအား ကြည့်ရှုအားပေးသည်။
ထို့နောက် တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နှင့် အမျိုးသမီး ရေးရာအဖွဲ့ထံသို့ Global Earth Agro & Aqua Industry Public Co., Ltd ကိုယ်စား တိုင်းဒေသကြီး ဝန်ကြီးချုပ်က အလှူငွေများပေးအပ်ရာ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့တို့မှ ကိုယ်စားလှယ်နှစ်ဦးစီက လက်ခံရယူခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က စံပြမိခင်ဆု ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆု ရရှိသူများအားလည်းကောင်း၊ တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးက ကလေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသူများလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် (၅)နှစ်အောက်ကလေးများအား ဗီတာမင်အေဆေးဝါးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား အဏုအာဟာရဆေးဝါးများ တိုက်ကျွေးခဲ့ပြီး အမှတ်တရလက်ဆောင်ပေးအပ်ခဲ့ကာ ၂၀၂၅ ခုနှစ်အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှုအထိမ်းအမှတ်ပြခန်းအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ယင်းနောက် ပုသိမ်မြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမသို့သွားရောက်၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် ဆောင်ရွက်သည့် ကျောင်းသူလေးများအား ကျောင်းကျန်းမာရေး စစ်ဆေးပေးခြင်းများကို ကြည့်ရှုအားပေးခဲ့ပြီး မူလတန်းကျောင်းသား၊ ကျောင်းသူလေးများ၊ အလယ်တန်းနှင့် အထက်တန်းကျောင်းသားများအား သန်ချဆေးများနှင့် အလယ်တန်းနှင့် အထက်တန်းကျောင်းသူလေးများအား သံဓာတ်ဆေးဝါးများတိုက်ကျွေးခဲ့ကာ အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။
ထို့နောက် ပုသိမ်မြို့၊ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော KG ကျောင်းသား၊ ကျောင်းသူများအား အာဟာရကျွေးမွေးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး KG ကျောင်းသား၊ ကျောင်းသူများအား အာဟာရပြည့်ဝစေရေးအတွက် အစာအုပ်စုမျိုးစုံစွာ ကျွေးမွေးစေရေး၊ သန့်ရှင်းလတ်ဆတ်၍ ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအစာများ ကျွေးမွေးစေရေး မှာကြားခဲ့သည်။
ဆက်လက်၍ ပုသိမ်မြို့၊ မြို့တော်ခန်းမတွင်ပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ လှုပ်ရှားမှု အထိမ်းအမှတ် တန်ဖိုးသင့်အာဟာရ အချက်အပြုတ်ပြိုင်ပွဲသို့ သွားရောက်၍ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၈)ခရိုင်မှ ခရိုင်အလိုက် တန်ဖိုးသင့်အာဟာရအချက်အပြုတ် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်ထားရှိမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး အာဟာရပြည့်ဝသည့် အစားအစာများဖြစ်စေရေး၊ သန့်ရှင်းလတ်ဆတ်မှုရှိစေရေးနှင့် ကျန်းမာရေးနှင့်အညီဖြစ်ရေးမှာကြားခဲ့သည်။
လှမင်းထွဋ်