ကျွန်းလှ ဩဂုတ် ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စပါးအပြင် သီးနှံမျိုးစုံစိုက်ပျိုးကြရာ ယခုနှစ် မိုးရာသီ၌ ပဲစင်းငုံ ၁၁၅၄၄ ဧက စိုက်ပျိုးပြီး လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“ကျွန်းလှမြို့နယ်မှာ စပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ဟင်းသီးဟင်းရွက်၊ နှစ်ရှည်ပင်နဲ့ အခြားသီးနှံများ ရာသီအလိုက် စိုက်ပျိုးကြပါတယ်။ ဒီနှစ် မိုးရာသီ ပဲစင်းငုံ စိုက်ပျိုးဖို့ ၁၁၅၄၁ ဧက လျာထားသော်လည်း ၁၁၅၄၄ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ စိုက်ပျိုးရာမှာ အထွက်နှုန်းကောင်း ရွှေဒင်္ဂါးမျိုးကို သီးသန့်နဲ့ သီးညှပ်အဖြစ် စိုက်ပျိုးကြပါတယ်။ ပဲစင်းငုံသီးနှံဟာ ကုန်ကျစရိတ်သက်သာပြီး အကျိုးအမြတ်ရရှိကြတဲ့အတွက် တောင်သူတွေ တိုးချဲ့စိုက်ပျိုးလာကြပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။
ပဲစင်းငုံသီးနှံ စိုက်ခင်းများ အောဂ်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းမွန်ရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသရာသီဥတုနှင့် ကိုက်ညီသည့် မျိုးကောင်း မျိုးသန့်ရရှိရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ ပိုးမွှားကျရောက်မှုကင်းစင်ရေး စသည့်စိုက်ပျိုးရေး နည်းပညာများ ကွင်းဆင်းအသိပညာပေးလျက်ရှိသည်။
ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံစိုက်ပျိုးရန် ၁၆၉၅၃ ဧက လျာထားကြောင်း၊ ယနေ့ထိ ပဲတီစိမ်း ၅၄၁၆ ဧက၊ ပဲစင်းငုံ ၁၁၅၄၄ ဧက စုစုပေါင်း ၁၆၉၆၀ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန စာရင်းများအရ သိရသည်။
မျိုးဝင်းညို ကျွန်းလှ