မင်းလှ ဩဂုတ် ၁၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ သွေ့ကျောက်ကျေးရွာနှင့် ပနီဆုံကျေးရွာများမှ အစားထိုးသီးနှံ စိုက်ပျိုးမည့်တောင်သူများအား ပျိုးပင်များနှင့် ပံ့ပိုးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က ဘိန်းစိုက်ပျိုးမှု၊ ထုတ်လုပ်မှုလျော့နည်းကျဆင်းရေးနှင့် ဘိန်းစိုက်တောင်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘိန်းအစားထိုးသီးနှံများ စိုက်ပျိုးရေး၊ မူးယစ်ဆေးဝါးအန္တရာယ်၏ ဆိုးကျိုးနှင့် ပြစ်ဒဏ်များအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးသိန်းက ဘိန်းအစားထိုး ပျိုးပင်နှင့် ပံ့ပိုးပစ္စည်းထောက်ပံ့ပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ ဘိန်းစိုက်ပျိုးမှုလျော့နည်းစေရေးနှင့် အစားထိုးသီးနှံများစိုက်ပျိုးနိုင်ရေးအတွက် ဘိန်းအစားထိုးသီးနှံစိုက်ပျိုးမည့် တောင်သူများအား ပျိုးပင်နှင့် ပံ့ပိုးပစ္စည်းထောက်ပံ့ပေးအပ်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ သရက်ပင်ပေါက် (၅၀၀)ပင်၊ ပိန္နဲပျိုးပင် (၅၀)ပင်၊ ရက် (၉၀)စပါးမျိုး တင်း (၅၀)၊ ယူရီးယားဓာတ်မြေဩဇာ (၁)တန်၊ ကွန်ပေါင်းဓာတ်မြေဩဇာ (၁)တန်၊ EM သဘာဝရွက်ဖျန်း အားဆေးဘူး (၁၀၀)တို့ကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက တောင်သူများထံ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ဝင်းမြတ်(အထက်မင်းလှ)