ကြံခင်းမြို့နယ်ရုံး လူထုအ​ခြေပြုဗဟိုဌာန၌ မြန်မာစကားပြေ ရေးသားနည်းသင်တန်းဖွင့်လှစ်

ကြံခင်း ဩဂုတ် ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ မြန်မာစကားပြေ ဝေါဟာရများကို အခြေခံမှစ၍ သိရှိနိုင်စေရန်အတွက် ယနေ့နံနက်ပိုင်းက မြန်မာစကားပြေရေးသားနည်း သင်တန်းဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဗလငါးတန်ပြည့်စုံလာစေရန်၊ မြန်မာစကားပြေ၏ အ​ခြေခံသဘောတရား များကို သိရှိစေရန်၊ စကားပြောအထားအသို့မှန်ကန်စေရန် စသည့်ရည်ရွယ်ချက်များစွာဖြင့် ယခုလိုသင်တန်းများကိုစဉ်ဆက်မပျက် ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် သင်တန်းနည်းပြ ကဗျာဆရာမ ဒေါ်သန်းသန်းမွန်(အမွန်-ကြံခင်း)က သင်တန်းတက်ရောက်လာကြသော သားငယ်၊ သမီးများအား သင်တန်းချိန်အတွင်း လိုက်နာရမည့် စည်းကမ်းများနှင့် စကားပြေဟူသည်မှာ အကြောင်းအရာ တစ်ရပ်ရပ်ကို လွယ်ကူရှင်းလင်းပြီး ချောမောပြေပြစ်သော ဝါကျများဖြင့် ရေးသားထားသော စာပေပုံစံတစ်မျိုးဖြစ်ကြောင်း၊ မိမိဆိုလိုသော အနက်အဓိပ္ပာယ်ကို တစ်ပါးသူတို့ သိရှိနားလည်စေရန် နေ့စဉ်သုံးစကားတို့ဖြင့် ကာရန်မပါဘဲ ရေးသားခြင်း၊ သာမန်အားဖြင့် လူတို့နေ့စဉ်ပြောဆို ရေးသားနေကြသော စကားနှင့်စာတို့သည် စကားပြေဖြစ်ကြောင်း၊ မြန်မာစာပေလောက၌မူကား စာပေသဘောသက်ရောက်သော စီကုံးနှုန်း ဖွဲ့ပုံကိုသာလျှင် စကားပြေဟု အသိအမှတ်ပြုကြကြောင်း၊ စကားပြေကို စကားပြေရိုးရိုးနှင့် ကာရန် ဖောက်စကားပြေများကို ရှေ့ယခင်ကပြင် အသုံးပြုခဲ့ပြီး စာရေးဆရာကြီးများကလည်း ဇာတ်၊ နိပါတ်၊ ဝတ္ထု၊ ရာဇဝင်ဟူ၍ စကားပြေဖြင့် ရေးသားခဲ့ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ စကားပြေရေးသားနည်းသင်တန်းကို ကျောင်းသား၊ ကျောင်းသူ ၃၈ ဦး တက်ရောက် သင်ကြားလျက်ရှိပြီး သင်တန်းကာလမှာ ဩဂုတ်လ(၁၃)ရက်နေ့မှ (၁၅)ရက်နေ့အထိသင်ကြား နံနက် ၇ နာရီမှ ၈ နာရီအထိလည်းကောင်း၊ ညနေ ၄ နာရီမှ ၅ နာရီအထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဖြိုးဝေလင်း