ပခုက္ကူ ဩဂုတ် ၁၃
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်းပြီး ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ပခုက္ကူမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
ဟောပြောပွဲတွင် ပခုက္ကူမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းတာဝန်ခံ ဒေါ်ရီရီလှိုင်က အဖွင့်အမှာစကားပြောကြားပြီး ပခုက္ကူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းယုမော်က ဟောပြောပွဲကျင်းပရခြင်းရည်ရွယ်ချက်များနှင့် စာပေလေ့လာဖတ်ရှုခြင်းအကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပခုက္ကူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုချိုမာက “လူငယ်နှင့် မှတ်ဉာဏ်ကောင်းအောင်လေ့ကျင့်ရေးနည်းလမ်းများ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူး စာရေးဆရာမ အသွင်ဆန်း(ပခုက္ကူ)က “စာပေနှင့်နှလုံးသားအာဟာရ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာမောင်မောင်က “ကျောင်းသား/ကျောင်းသူများနှင့် ပြိုင်ပွဲဝင်စာစီစာကုံးများ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ နေဦးမောင်က “လူငယ်နှင့် ယဉ်ကျေးလိမ္မာရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ အောင်ဝင်း(မျိုးချစ်သူ-ရေစကြိုသား)က “ကျောင်းစာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေးဟောပြောခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)