မုံရွာ ဩဂုတ် ၁၃
၂၀၂၅ ခုနှစ်၊ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ တိုင်းဒေသကြီးအဆင့် အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ မုံရွာမြို့ပေါ်ရှိ မူလတန်းကြို ကျောင်းများမှ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များ တက်ရောက်ကြကြောင်း သိရသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က အာဟာရပြည့်ဝခြင်းသည် လူတစ်ဦး တစ်ယောက်၊ မိသားစုတစ်စုမှစ၍ နိုင်ငံတော်ဖွံ့ဖြိုးမှုအတွက်အရေးပါသည့် အခန်းကဏ္ဍတွင် တည်ရှိနေပါကြောင်း၊ အာဟာရချို့တဲ့ခြင်းသည် ကျန်းမာရေးပြဿနာအတော်များများ၏ အခြေခံအကြောင်းအရင်းဖြစ်ပြီး ကမ္ဘာ့စစ်တမ်းများအရ (၅)နှစ်အောက်က လေးသေဆုံးမှု၏ ၄၅ ရာခိုင်နှုန်းသည် အာဟာရချို့တဲ့ခြင်းနှင့် ဆက်စပ်လျက်ရှိပြီး ကိုယ် ဝန်ဆောင်မိခင်များတွင်လည်း အာဟာရချို့တဲ့ပြီး သွေးအားနည်းရောဂါ ခံစားရပါက မွေး ပြီးသွေးသွန်ခြင်းအား ပိုမိုဆိုးရွားစေပြီး မိခင်အသက်ဆုံးရှုံးရနိုင်ပါကြောင်း၊ အာဟာလွန်ကဲခြင်း ပြဿနာသည်လည်း အဝလွန်ခြင်းနှင့် သွေးတိုး၊ နှလုံး၊ ဆီးချိုစသည့် မကူးစက်နိုင်သည့်ရောဂါများ ဖြစ်ပွားစေနိုင်ပါကြောင်း၊ အာဟာရ ဖွံ့ဖြိုးရေးလုပ်ငန်းများအား ယခုနှစ်၏ဆောင်ပုဒ်ဖြစ်သည့် “ကလေးများအနာဂတ်လှပဖို့၊ မိခင်နို့ချိုတိုက်ကျွေးလို့၊ ရင်းနှီးမြှပ်နှံကြပါစို့”နှင့်အညီ မိခင်နို့တိုက်ကျွေးခြင်းမှအစပြုပြီး အသက် အရွယ်အလိုက် အာဟာရစောင့်ရှောက်ခြင်းလုပ်ငန်းများအား ပိုမိုခိုင်မာအောင် အရှိန်အဟုန် မြှင့်တင်ပြီး အားလုံးပူးပေါင်း ရင်းနှီးမြှုပ်နှံဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး မိခင်နှင့်ကလးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးက စံပြမိခင်ဆု ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသူများအား ဂုဏ်ပြုချီးမြှင့်ငွေများအား ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာသူများမှ ၂၀၂၅-ခုနှစ်၊ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ အထိမ်းအမှတ်အဖြစ် “ကိုယ်ဝန်ဆောင်ကာလ အာဟာရပြည့်ပြည့်ဝဝစားကြစို့” Video Clip အား ကြည့်ရှုခဲ့ကြပြီး တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အခမ်းအနားသို့တက် ရောက်လာကြ သည့် မူလတန်းကြိုကျောင်းများမှ အသက်(၅)နှစ်အောက် ကလေးငယ်များအား အင်အားပြည့် ဗီတာမင်အေဆေးလုံးများ တိုက်ကျွေးခဲ့ကြပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်ကာ တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယကဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကိုယ်ဝင်ဆောင်မိခင်များအား အဏုအာဟာရဆေးပြားနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အဆိုပါခန်းမအတွင်း ခင်းကျင်းပြသထားသည့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် လှုပ်ရှားမှုမှတ်တမ်း ဓါတ်ပုံများနှင့် သန်ချဆေးများ၊ အဏုအဟာရမှုန့်များ၊ ဖျူရာမင်းဘီစီဆေးများအား လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)