ငဖဲ ဩဂုတ် ၁၃
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်တွင် ဒေသခံပြည်သူများနှင့် ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန်အတွက် သုတရသစာအုပ်စာစောင်များကို ရုံးဖွင့်ရက်တိုင်း နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ပုံမှန်ငှားရမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ငှားရမ်းဆောင်ရွက်ရာတွင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာကျော်နှင့် ဝန်ထမ်းများက စာအုပ်ငှားရမ်းရန်လာရောက်သည့် ပြည်သူများနှင့် ကျောင်းသားကျောင်းသူများ ဖတ်ရှုလိုသည့်စာအုပ်များကို ကူညီရှာဖွေပေးခြင်း၊ ဖတ်ရှုသင့်သည့် စာအုပ်များကို လမ်းညွှန်ပြသပေးခြင်းများ ဆောင်ရွက်ပြီး ကျောင်းသား၊ ကျောင်းသူများ ဖတ်ရှုလိုသည့် သုတ၊ မဂ္ဂဇင်း၊ ရုပ်ပြနှင့် ပုံပြင်စာအုပ်များကို စနစ်တကျ ငှားရမ်းပေးသည်။
ငဖဲမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်တွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၊ ပြည်သူများနှင့် ကျောင်းသားကျောင်းသူများ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ အသိပညာဗဟုသုတတိုးပွားရရှိစေရန်၊ အချိန်ကိုအကျိုးရှိရှိ အသုံးချတတ်စေရန်၊ အမှားနှင့်အမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရန် ရည်ရွယ်၍ နေ့စဉ် တနင်္လာနေ့မှ သောကြာနေ့ထိ ပုံမှန်ဖွင့်လှစ်ငှားရမ်းပေးလျက်ရှိရာ သုတ၊ ရသပုံပြင်၊ တေဇစာအုပ်များအား ရုံးတွင်းဖတ်ရှုသူ တစ်နေ့လျှင်ပျမ်းမျှ ၃၂ ဦးနှင့် စာအုပ်ငှားရမ်းသူ တစ်နေ့လျင်ပျမ်းမျှ ၃၅ ဦးခန့်ရှိကြောင်း သိရသည်။
မယု(ငဖဲ)