စလင်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါး(၄၇၇၁၅)ဧက လျာထားပြီး (၃၆၀၀၉)ဧကစိုက်ပျိုးပြီးစီး

စလင်း သြဂုတ် ၁၃

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြိုနယ်အတွင်းရှိ ဒေသခံတောင်သူများ လယ်ယာစိုက်ပျိုးရေးကို အဓိကအားထားစိုက်ပျိုးဆောင်ရွက်လျက်ရှိရာ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် စပါးမျိုးကောင်းမျိုးသန့်များ ထွက်ရှိစေရန်နှင့် စားနပ်ရိက္ခာ ဆန်စပါးဖူလုံစေရန် ရည်ရွယ်၍ ယခုနှစ်တွင် မိုးစပါး(၄၇၇၁၅)ဧကအားလျာထားခဲ့ရာ ယနေ့သြဂုတ်လ(၁၃)ရက်နေ့အထိ မိုးစပါး(၃၆၀၀၉)ဧကကို စိုက်ပျိုးပြီးစီးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

စလင်းမြို့နယ်တွင် ယခုနှစ်မိုးစပါးစိုက်ပျိုးရာသီတွင် အထွက်နှုန်းပိုမိုတိုးတက်ရရှိနိုင်ရေးအတွက် အောင်နိုင်တိုး၊ ဆာဖိုးသာ၊ ရက် ၉၀၊ ရေငတ်ခံရတနာတိုး၊ မနောသုခ၊ ဆင်းသုခ စသည့် အထွက်နှုန်းကောင်းစပါးမျိုးများကို ပျိုးထောင်စိုက်ပျိုးခြင်း မျိုးစေ့ချကိရိယာ(Drum Seeder)ဖြင့် စိုက်ပျိုးခြင်းကောက်စိုက်စက်/လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးလျက်ရှိရာ လျာထားဧကပြည့်မီအောင် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

စလင်းမြို့နယ် စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီမှ မျိုးကောင်းမျိုးသန့်နှင့် မိုးစပါးကန်းတိုင်အထွက်နှုန်းရရှိနိုင်ရေးအတွက် စိုက်ပျိုးရေးနည်းစနစ်များပေး၍ သင်တန်းများဖွင့်လှစ်ခြင်း ကွင်းသရုပ်ပြသခြင်း သဘာဝဓာတ်မြေသြဇာနှင့် ဓာတ်မြေသြဇာရောစပ်၍ ကြဲပက်ခြင်း သွင်းအားစုများ ထောက်ပံ့ပေးခြင်းဖြင့် စပါးအထွက်နှုန်းတိုးတက်စေရန် ဒေသခံတောင်သူများအား နည်းပညာများဖြန့်ဝေပေးခြင်း လယ်ယာကဏ္ဍတိုးတက်ဖွံ့ဖြိုး၍ သီးနှံစိုက်ပီုးထုတ်လုပ်မှု တိုးတက်မြင့်မားလာစေပြီး အရည်အသွေးကောင်းမွန်သော မျိုးကောင်းမျိုးသန့်များထွက်ရှိအောင် မိုးစပါးများစိုက်ပျိုးရာ၌ အထွက်နှုန်းကောင်းမွန်သော မျိုးကောင်းမျိုးသန့်စပါးများကို တောင်သူများ ပိုမိုစိုက်ပျိုးထုတ်လုပ်လာနိုင်စေရန် မျိုးစပါးများထုတ်ပေးခြင်း ဒေသခံတောင်သူများကို စည်းရုံးကွင်းသရုပ်ပြခြင်းများဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး လျာထားချက်ပြည့်မီအောင် စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးဇော်လင်းထံမှ သိရသည်။

မောင်လွင်(စလင်း)