သရက် ဩဂုတ် ၁၃
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကျောင်းကျန်းမာရေးဌာနမှ ၂၀၂၅-၂၀၂၆ပညာသင်နှစ် ကျောင်းကျန်းမာရေးကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးဟောပြောခြင်းကို ယနေ့ နံနက် (၁၀) နာရီက အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
ကျောင်းကျန်းမာရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကျန်းမာရေးမှူးအဆင့်(၁) ဒေါ်ခင်ဌေးလှိုင်နှင့် ကလေးကျန်းမာရေးအရာရှိ ဒေါ်စန်းစန်းသင်းတို့က ကျောင်းသား/ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ စာသင်ကြားနိုင်ရေးအတွက် တစ်ကိုယ်ရေသန့်ရှင်းရေးလက်ဆေးခြင်း၊ သွားနှင့်ခံတွင်းကျန်းမာရေး၊ နည်းစနစ်မှန်သွားတိုက်ခြင်း၊ သန့်ရှင်းသောယင်လုံအိမ်သာသုံးစွဲရန်နှင့် မိုးတွင်းကာလကလေးငယ်များတွင်ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေး နည်းလမ်းများအကြောင်းကို ဟောပြောပေးခဲ့သည်။
ထို့နောက် ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများအား တစ်ကိုယ်ရေသန့်ရှင်းရေးစစ်ဆေးခြင်းများဆောင်ရွက်ပြီး တစ်ဦးချင်းကျောင်းကျန်းမာရေးမှတ်တမ်းကတ်များ ရေးသွင်းဆောင်ရွက်ပေးခဲ့သည်။ ယင်းနောက် သွားဆရာဝန်က ကျောင်းသား/ကျောင်းသူများအား သွားကျန်းမာရေးစစ်ဆေးပေးခဲ့ပြီးသွားနှုတ်ရန်ရှိသည့် ကျောင်းသား/ကျောင်းသူများအား သွားများနှုတ်ပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)