မော်လမြိုင် ဩဂုတ် ၁၃
ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၆) (၈/၂၀၂၅) သို့ တက်ရောက်ရန် မော်လမြိုင်မြို့၊ နယ်မြေခံသင်တန်းကျောင်းတွင် ရောက်ရှိနေသော မွန်ပြည်နယ်အတွင်းမှ နိုင်ငံ့သားကောင်းရတနာများအား ယမန်နေ့ နံနက်ပိုင်းက မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ သွားရောက်တွေ့ဆုံအားပေးခဲ့ကြသည်။
ထိုသို့ တွေ့ဆုံရာတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက သင်တန်းသားများအနေဖြင့် သင်တန်းကျောင်းမှ သင်ကြားပေးသော စစ်ပညာရပ်များကို ကြိုးစားသင်ယူပြီး စိတ်ဓာတ်စွမ်းရည်၊ စည်းကမ်းစွမ်းရည်၊ လေ့ကျင့်ရေးစွမ်းရည်ပြည့်ဝသည့် နိုင်ငံ့သားကောင်းများဖြစ်အောင် အားထုတ်ဆောင်ရွက်ပေးကြဖို့ မှာကြားလိုကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေအရ နိုင်ငံသားတစ်ဦး၏ တာဝန်အဖြစ် စစ်မှုထမ်းဆောင်ခြင်းသည် နိုင်ငံတော်ကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲရေး၊ တည်ငြိမ်းအေးချမ်းရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နိုင်ရေးတို့အတွက် မွန်မြတ်သောတာဝန်ကို ထမ်းဆောင်ခြင်းဖြစ်ကြောင်း ပြောကြားပြီး ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၆) (၈/၂၀၂၅) သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ဝတ်စုံများ ပေးအပ်ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၆) (၈/၂၀၂၅) သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား တစ်ဦးချင်း ရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားပြီး လိုအပ်သည်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
စည်သူ (ပြန်/ဆက်)