နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန Community centre ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ

နတ်မောက် ဩဂုတ် ၁၃

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community centre အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက စာအုပ်စာစောင်ချစ်မြတ်နိုးသူ BookClub နှင့်ပူးပေါင်း၍ စာရေးဆရာ ကျော်ကျော်လှိုင်၏ “ အောင်မြင်မှုသို့ ခြေလှမ်း ၁၀၁ လှမ်း ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်သင်းသင်းဝေ(ဒုတိယဦးစီးမှူး)က ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုသည့်စကားအတိုင်း ယနေ့လူငယ်လေးများသည် နောင်အနာဂတ်၏ ခေါင်းဆောင်များဟုဆိုလျှင်မှန်မည်ဖြစ်ပါကြောင်း၊ အနာဂတ်ခေါင်းဆောင်များဖြစ်မည့် လူငယ်များအနေဖြင့် မမှားတန်သည်ကို အမှားအယွင်းမရှိရလေအောင် သိလွယ် နားလည်လွယ်၊ သဘောပေါက်လွယ်သော ခေတ်စကား ခေတ်အသုံးတို့ဖြင့် ဆုံးမစာများကို လေ့လာစေချင်ပါကြောင်း၊ ငယ်စဉ်အခါက ပညာမရှာခဲ့၍ ကြီးလာသောအခါ ဒုက္ခရောက်လျှင် သေသောကာလ၌ လင်းတစားခံရသော “ဗာရဏသီပြည် သူဌေးသား ပုံဝတ္တု” ထဲက သူဌေးသားကဲ့သို့မဖြစ်ရလေအောင်  မိဘဆရာသမားများ၏ ဆိုဆုံးမမှုများကို လိုက်နာစေချင်ပါကြောင်း၊ စိတ်သည် အစဉ်မကောင်းမှု၌သာ မွေ့လျော်တတ်သောကြောင့် စိတ်တည်းဟူသော ဆင်ရိုင်းကိုချွန်းတည်းဟူသော ဆုံးမစာများ၊ ဆုံးမစကားများဖြင့်သာ အစဉ်ထိန်းချုပ်ပေးသင့်ပါကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ Book Club အဖွဲ့ဝင်တစ်ဦးက အောင်မြင်မှုသို့ ခြေလှမ်း ၁၀၁ လှမ်း စာအုပ်ထဲမှ မိမိ၏ရည်မှန်းချက်ပန်းတိုင်ကို ရောက်အောင်ကြိုးစားနေချိန်မှာ လေ့လာသင်ကြားသည်များကို စဉ်ဆက်မပြတ်လုပ်နေဖို့လိုအပ်ပါကြောင်း၊ လေ့လာသင်ကြားချိန်များကို နေ့စဉ်သတ်မှတ်ထားပြီး  အထူးသဖြင့် မိမိ၏အောင်မြင်မှုကို အထောက်အကူဖြစ်စေမည့် အသိပညာ၊ ဗဟုသုတများ ကြိုးစားလေ့လာဆွေးနွေးရမှာဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။

အဆိုပါ စာဖတ်ဝိုင်းသို့ Book Club လူငယ်များ၊ အခြေခံပညာကျောင်းများမှ အထက်တန်းအဆင့် ကျောင်းမှ ကျောင်းသား/သူ (၃၄)ဦးတက်ရောက်ခဲ့သည်။  

မူမူစန်း