ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေးစီမံကိန်း(၃)ခုကို အကောင်အထည်ဖော်ဆောင်ရွက်

ပင်းတယ ဩဂုတ် ၁၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေးစီမံကိန်း (၃)ခုကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဒေသဦးစီးမှူး ဒေါ်အေးအေးသန့်ထံမှ သိရသည်။

အဆိုပါ စီမံကိန်း(၃)ခုကို ပင်းတယမြို့နယ်၊ ကျုံးစံပြကျေးရွာတွင် စက်ချုပ်သင်တန်း (၂)ကြိမ်ကို ဧပြီလ ၂၉ ရက်နေ့မှ မေလ ၂၈ ရက်နေ့အထိ ပထမအကြိမ်သင်တန်းကိုလည်းကောင်း၊ ဇွန်လ ၅ ရက်နေ့မှ ဇွန်လ ၁၉ ရက်နေ့အထိ ဒုတိယအကြိမ် စက်ချုပ်(မွမ်းမံ)သင်တန်းကို ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ကြောင်း သိရပြီး၊ ရွာငံမြို့နယ်၊ ကျောက်ပုံကျေးရွာ၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း (၂)ကြိမ်ကို မေလ ၁၉ ရက်နေ့မှ မေလ ၂၅ ရက်နေ့အထိ ပထမအကြိမ်သင်တန်းအဖြစ်လည်းကောင်း၊ ဒုတိယအကြိမ်မွမ်းမံသင်တန်းအဖြစ် ဇွန်လ ၃ ရက်နေ့မှ ဇွန် ၉ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး၊ ဖော်ပြပါ သင်တန်း(၂)ခုအတွက် လုပ်ငန်းသုံးပစ္စည်းများပေးအပ်ခြင်းကို ဇူလိုင်လ ၁၁ ရက်နေ့တွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌမှ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ပေးအပ်ခဲ့ပြီးပြီဖြစ်ကြောင်း သိရသည်။

ကျန်ရှိနေသော စီမံကိန်း(၁)ခုကို ပင်းတယမြို့နယ်၊ အင်းပက်လက်ကျေးရွာတွင် ဇွန်လ ၁၇ ရက်နေ့မှ ဇူလိုင်လ ၁၆ ရက်နေ့အထိ ပထမအကြိမ် စက်ချုပ်သင်တန်းကိုဖွင့်လှစ်သင်ကြား ပေးခဲ့ကြောင်းနှင့် ဒုတိယအကြိမ် စက်ချုပ်(မွမ်းမံ)သင်တန်းအား ဇူလိုင်လ ၂၄ ရက်နေ့မှ ဩဂုတ် လ ၇ ရက်နေ့ထိ အောင်မြင်စွာ ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)