ငဖဲ ဩဂုတ် ၁၃
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်၌ ၂၀၂၅ ခုနှစ်တွင် ဒေသတွင်းဆန်စပါးဖူလုံစေရေးအတွက် မိုးစပါးစိုက်ပျိုးရန် ၁၀၂၀၀ ဧက လျာထားခဲ့ရာ ယနေ့ထိ ၇၃၃၄ ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှ သိရသည်။
စိုက်ပျိုးပြီးစီးသည့်စပါးမျိုးကွဲအလိုက် စိုက်ဧကမှာ မနောသုခ ၂၂၆၈ ဧက၊ ဆင်းသုခ ၁၉၈၆ ဧက၊ အောင်နိုင်တိုး ၃၂ ဧက၊ ဧရာမင်း ၂၅၁၁ ဧက၊ ကောက်ညှင်း ၈၂ ဧကနှင့် တောင်ယာ ၄၅၅ ဧက စုစုပေါင်း ၇၃၃၄ ဧက စိုက်ပျိုးပြီးစီးခဲ့ရာ ဒေသခံတောင်သူများအနေဖြင့် အထွက်နှုန်းကောင်းမွန်သည့် စပါးမျိုးများကို ရွေးချယ်စိုက်ပျိုးကြပြီး လျာထားချက်ပြည့်မီကျော်လွန်ရေး ဆက်လက်စိုက်ပျိုးလျက်ရှိကြောင်းနှင့် ယမန်နှစ်က မိုးစပါးကို လျာထားချက်ထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ပြီး ရိတ်သိမ်းဧက ၁၀၂၀၀ ဧကတွင် တစ်ဧကအထွက်နှုန်း ၈၄.၅၁ တင်းထွက် ရှိခဲ့ကြောင်း သိရသည်။
မိုးစပါးစိုက်ပျိုးရန်ရေကို အစိုးရဆည်များဖြစ်သော မန်းချောင်းရေလှောင်တမံဆည်မှ ၃၂၀၆ ဧက၊ ရင်းရှည်ရေလှောင်တမံဆည်မှ ၅၄၂ ဧက၊ ဆည်ငယ်၊ ကန်ငယ်များမှ ၄၇၅၁ ဧက၊ မိုးကောင်းသောက် ၁၂၂၆ ဧကနှင့် တောင်ယာစိုက်ဧက ၄၇၅ ဧက စုစုပေါင်း ၁၀၂၀၀ ဧကစိုက်ပျိုးနိုင်ရန် လျာထားပြီး လျာထားချက်ပြည့်မီရေးအတွက် ဆက်လက်စိုက်ပျိုးလျက်ရှိကြောင်း၊ ငဖဲမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများမိုးစပါး စိုက်ပျိုးရာသီတွင် အထွက်နှုန်းကောင်းမွန်သော စပါးမျိုးများရွေးချယ်စိုက်ပျိုးရေး၊ သီးနှံများအောင်မြင်ဖြစ်ထွန်းရေးအတွက် လိုအပ်သောစိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ၊ သွင်းအားစုပစ္စည်းများ၊ သီးနှံမျိုးစေ့များ ကူညီထောက်ပံ့ပေးခြင်း ဆောင်ရွက်လျက်ရှိပြီး ပိုးမွှားရောဂါများ ကြိုတင်ကာကွယ်နှိမ်နှင်းရေး ဆိုင်ရာနည်းလမ်းများကိုလည်း သက်ဆိုင်ရာဌာနများမှ ကွင်းဝန်ထမ်းများက အနီးကပ်ကြီးကြပ်၍ အသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မယု(ငဖဲ)