ဖြူးမြို့နယ် အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြော၍ စာဖတ်ရှိန်မြှင့်တင်ရေးကွင်းဆင်းဆောင်ရွက်

ဖြူး သြဂုတ် ၁၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများ အကျင့်စာရိတ္တကောင်းမွန်စေရေး၊ အသိ ပညာဗဟုသုတများရရှိစေရေး၊ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများရရှိစေရေးအတွက်ရည်ရွယ်၍ ယမန်နေ့နံနက်(၁၀)နာရီအချိန်က စတင်ကာ အ.လ.က(ခွဲ)တပ်တွင်းကျောင်းနှင့် အ.လ.က(ခွဲ)ထန်းကုန်းကျောင်းများ၌ ဌာနဆိုင်ရာများပူးပေါင်းပြီး အသိပညာပေးဟောပြော၍ စာဖတ်ရှိန်မြှင့်တင်ရေးကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်အိမာဟိန်းက အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်း သူများအား မူးယစ်ဆေးဝါးအန္တရာယ်၊ မူးယစ်ဆေးဝါးအမျိုးမျိုး၊ မူးယစ်ဆေးဝါဆိုးကျိုးများအကြောင်း၊ မြို့နယ်(၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံ၊ ဒုတိယဆေးရုံအုပ်ဒေါ်စိုးလက်မီက ကျောင်းကျန်းမာရေးဆိုင်ရာအကြောင်း၊ ဖြူးမြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံဒေါ်သန္တာစိုးကစားသုံးသူအခွင့်အရေးဆိုင်ရာများ၊ စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာဥပဒေများ၊ ကုန်အညွှန်းအမှတ်အသားများ၊ ကျန်းမာရေးနှင့်ညီညွတ်သည့်အစားအစာများ စားသောက်ရေးအ ကြောင်း အသိပညာပေးဟောပြောခဲ့ကြသည်။

ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက KGတန်း၊ မူလတန်းအရွယ်ကလေးငယ်များအား သုံးဘီးယာဉ်ဖြင့် ကလေး စာပေများအားဖတ်ရှုစေခြင်း၊ ရုပ်ပြစာအုပ်ဖြင့် အသိပညာပေးပုံပြင်များပြောကြားခြင်း၊ စက္ကူပြဇာတ်ပြသပေးခြင်း၊ အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်း သူများအားစာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာအုပ်ပြပွဲများဆောင်ရွက်ပေးခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များကိုပြသပေးခဲ့ကြကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)