စကုမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများ ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရေး ကျောင်းတွင်းအားကစားပြိုင်ပွဲများ ကျင်းပ

မင်းဘူး ဩဂုတ် ၁၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများ ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရေးအတွက် ကျောင်းတွင်း အားကစားပြိုင်ပွဲများကို ယမန်နေ့ နံနက်ပိုင်းက စကုမြို့ No.1 ကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် စကုမြို့အုပ်ချုပ်ရေးမှူး ဦးချိုစန်းလွင်ဦး၊ မြို့နယ်ပညာရေးမှူး ဒေါ်သွယ်သွယ်နှင့် စကုမြို့ No.1 ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးအောင်ပြည့်ဖြို့တို့က ပညာသင်နှစ်လိုက် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစာအပြင် ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် အစဉ်အမြဲ လေ့ကျင့်သင်ကြားပေးရေး၊ ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရေးနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် လက်ရွေးစင် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ကျောင်းတွင်းအားကစားပြိုင်ပွဲများ ကျင်းပရခြင်းနှင့် ပတ်သက်၍ ဩဝါဒ အမှာစကားများ ပြောကြားသည်။

ဆက်လက်၍ ပြိုင်ပွဲဝင် အားကစားသမားများမှ အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုခဲ့ပြီးနောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နှင်းနှင်းက အဆိုပါကျောင်းအတွက် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာကြီးမှ လက်ခံရယူခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများက ကျောင်းသား၊ ကျောင်းသူလေးများ၏ ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဧည့်ခံဖျော်ဖြေတင်ဆက်မှုနှင့် ပြိုင်ပွဲဝင်အသင်းများ၏ ကြိုးစားယှဉ်ပြိုင်နေမှုများကို ကြည့်ရှု အားပေးခဲ့ကြသည်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် စကုမြို့ အားကစားကော်မတီနှင့်ပူးပေါင်းပြီး No.1 ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကြီးမှူးကျင်းပသည့် ကျောင်းတွင်းအားကစားပြိုင်ပွဲတွင် မျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်နှင့် အမျိုးသမီး Fitness Dance စသည့် ပြိုင်များကို ထည့်သွင်းကျင်းပခဲ့ရာ အဆိုပါကျောင်းမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၃၀ ဦးက အေးချမ်းပျော်ရွှင်စွာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)