ကန်ကြီးထောင့် ဩဂုတ် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ တကုန်းကြီးကျေးရွာအုပ်စု၊ (အ.ထ.က) တကုန်းကြီးစာသင်ကျောင်းဝန်းအတွင်း၌ (၂၀၂၅-၂၀၂၆) ဘဏ္ဍာရေးနှစ်တွင် အခြေခံပညာဦးစီးဌာနမှ တင်ဒါခေါ်ယူရာ ငွေကျပ်သန်း ၅၈၄.၅၀၅ ဖြင့် တင်ဒါအောင်မြင်ခဲ့သည့် ဆန်းအလင်းသစ်ကမ္ပဏီမှ ဆောက်လုပ်မည့် (၁၀၀×၃၀)ပေ RCC(၂)ထပ် ကျောင်းဆောင်သစ် ပန္နက်တင်မင်္ဂလာအခမ်းအနားအား ယမန်နေ့နံနက်ပိုင်းက တကုန်းကြီးကျေးရွာရှိ (အ.ထ.က) တကုန်ကြီးစာသင်ကျောင်းဝန်းအတွင်း အဆိုပါမြေနေရာတွင် ကျင်းပခဲ့သည်။
အခမ်းအနားသို့ တိုင်းဒေသကြီးပညာရေးမှူး ဆရာကြီးဦးခင်မောင်ထွေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်သက်နိုင်၊ အ.ထ.က (တကုန်းကြီး) ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/မများ၊ ကျောင်းသား/သူများ၊ ကျောင်းဆောက်လုပ်မည့် ကုမ္ပဏီမှ ကိုယ်စားလှယ်များ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသောတာဝန်ရှိသူများက ကျောင်းဆောင်သစ်ဆောက်လုပ်မည့် မြေနေရာ၌ ပန္နက်တိုင်များအား အသီးသီးစိုက်ထူခဲ့ကြကာ အမွှေးနံ့သာရေများအား ပက်ဖျန်းပေးခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကြကြောင်း သိရသည်။
ကျော်ဇင်စိုး (ပြန်/ဆက်)