စလင်း သြဂုတ် ၁၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြိုနယ်တွင် မိုးရာသီကာလတွင် အဖြစ်များသော သွေးလွန်တုပ်ကွေးရောဂါ ကင်းဝေးစေရေး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် စလင်းမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှ ဦးဆောင်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများဌာန ဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြကြောင်း သိရသည်။
အဆိုပါ သွေးလွန်တုပ်ကွေးရောဂါ ကင်းဝေးစေရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့နံ နက်ပိုင်းက စလင်းမြို့ပေါ်(၈)ရပ်ကွက်နှင့် ဌာနဆိုင်ရာရုံးများ ဝန်ထမ်းအိမ်ယာများ ရပ်ကွက်အတွင်းရှိ နေအိမ်များ အခြေခံပညာကျောင်းများ မြို့နယ်စည်ပင်သာယာစျေးသို့ ကွင်းဆင်းဆောင်ရွက်ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမင်းသီဟဇော်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ မြို့ နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများက သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပိုးလောက်လမ်းပေါက်ပွးမှု မရှိစေရေး ရေတွင်းရေကန်များအတွင်း အဘိတ်ဆေးခတ်ခြင်းနှင့် ကျန်းမာရေးအသိ ပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကျန်းမာရေးဝန်ထမ်းများ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ မီးသတ်တပ်ဖွဲ့ဝင်များ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ အဖွဲ့များခွဲကာ ပိုးလောက်လမ်းပေါက်ပွားမှု ကာကွယ်နှိမ်နင်ရေးအတွက် ခြင်ခိုအောင်း နိုင်သည့်နေရာများ ရေတွင်းရေကန်များနှင့် အိုးခွက်ကားတာယာအဟောင်းများ ရေအိုး ဘုရားပန်းညောင်ရေအိုးများကို ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်၍ စာသင်ကျောင်းများအတွင်း ခြင်ဆေးဖျန်းခြင်း ရေတွင်းရေကန်များအား အဘိတ်ဆေးခတ်ခြင်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
စလင်းမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် အခြေခံပညာကျောင်းများ စျေးများနှင့် ရပ်ကွက်များအတွင်းရှိ လူနေအိမ်များတွင် မိုးရာသီကာလ ခြင်ကြောင့်ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါ ကင်းဝေးစေရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ခြင်း ပိုးလောက်လမ်းပေါက်ပွားမှု ကာကွယ်နှိမ်နင်းရေး အဘိတ်ဆေးခတ်ခြင်း ဝမ်းပျက်ဝမ်းလျှောရောဂါများ မဖြစ်ပွားစေရေး ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းတို့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြကြောင်း သိရသည်။
မောင်လွင်(စလင်း)