သရက်ချောင်း ဩဂုတ် ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၌ ယနေ့နံနက် ၉ နာရီက ၂၀၂၅ ခုနှစ် မိုးစပါးပန်းတိုင်စံပြကျေးရွာ၊ မျိုးစေ့ထုတ်စိုက်ခင်း၊ စံပြကွက်၊ စမ်းသပ်ကွက်နှင့် မိုးစပါးစိုက်ပျိုးသည့် တောင်သူများအား (တတိယအကြိမ်) ယူရီးယားဓာတ်မြေဩဇာ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးပေးအပ်ခြင်း အခမ်းအနား ကျင်းပသည်။
အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းက နိုင်ငံတော်အနေဖြင့် ဓာတ်မြေဩဇာများအား ဈေးနှုန်းချိုသာစွာဖြင့် ထောက်ပံ့ပေးနိုင်ရေး၊ မျိုးကောင်းမျိုးသန့်များ ရရှိစေရေးနှင့် စိုက်ပျိုးနည်းစနစ်များ မှန်ကန်စွာ စိုက်ပျိုးနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသခံတောင်သူများအားလုံးကလည်း သက်ဆိုင်ရာ ဌာနများနှင့် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း၊ စိုက်ပျိုးရေးထွက်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး ကုန်ကျစရိတ် သက်သာပြီး လယ်ယာမြေအတွက် ရေရှည်အကျိုးပြုနိုင်သည့် သဘာဝမြေဩဇာများကို စနစ်တကျထည့်သွင်းအသုံးပြုကြစေလိုကြောင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဇော်မင်းက ၂၀၂၅ ခုနှစ်အတွက် မိုးရာသီ မိုးစပါးပန်းတိုင်စံပြကျေးရွာ၊ မျိုးစေ့ထုတ်စိုက်ခင်း၊ စံပြကွက်၊ စမ်းသပ်ကွက်နှင့် မိုးစပါးစိုက်ပျိုးသည့် တောင်သူများအား (တတိယအကြိမ်) ယူရီးယားဓာတ်မြေဩဇာ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးပေးအပ်ခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ တောင်သူများထံသို့ ယူရီးယားဓာတ်မြေဩဇာနှင့် ပျိုးပင်များပေးအပ်ကြောင်း သိရသည်။ အခမ်းအနားတွင် မြို့နယ်အတွင်းရှိ မိုးရာသီမိုးစပါးပန်းတိုင်စံပြကျေးရွာ၊ မျိုးစေ့ထုတ်စိုက်ခင်း၊ စံပြကွက်၊ စမ်းသပ်ကွက်နှင့် မိုးစပါးစိုက်ပျိုးသည့် တောင်သူများအား ယူရီးယားဓာတ်မြေဩဇာတစ်အိတ်လျှင် ကျပ် ၄၈၀၀၀ နှုန်းဖြင့် စုစုပေါင်း အိတ် ၄၀၀ ကို ကျေးရွာအုပ်စု ၁၄ ရွာရှိတောင်သူများအား စျေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးက ပြောကြားသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)