ကျိုင်းတုံမြို့၌ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း(၃)မျိုး ဖွင့်ပွဲကျင်းပ

ကျိုင်းတုံ ဩဂုတ် ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း(၃)မျိုးဖွင့်ပွဲကို ယမန်နေ့က ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန(ကျိုင်းတုံ)တွင် ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်က ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍပေါင်းစုံမှ ကူညီပံ့ပိုးပေးလျက်ရှိပါကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းမှသင်ကြားပေးမည့် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုဘာသာရပ်များကို စာတွေ့လက်တွေ့သင်ယူ၍ လုပ်ငန်းခွင်တွင် အကျိုးရှိစွာပြန်လည်အသုံးချရန်လိုအပ်ကြောင်း အဖွင့်အမှာစကားပြောကြားပြီး သင်တန်းနည်းပြဆရာ ဦးကျော်ကျော်ဆင့်က သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ အဆိုပါသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ ၈၉ ဦး တက်ရောက်ပြီး ဩဂုတ်လ ၁၂ ရက်မှ စက်တင်ဘာလ ၅ ရက်အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် ရှမ်းပြည်နယ် စီးပွားရေးရာဝန်ကြီးသည် တာချီလိတ်ကုန်သွယ်ရေးစခန်းရှိ OSS ဌာနဆိုင်ရာများ၊ မိတ်ဖက်အဖွဲ့စည်းများနှင့်တွေ့ဆုံ၍ ဒေသအတွင်း တရားမဝင်ကုန်သွယ်မှုကို စနစ်တကျလုပ်ထုံးလုပ်နည်းနှင့်အညီ တားဆီးနိုင်ရေး၊ တရားဝင်ကုန်သွယ်မှုကို မူဝါဒနှင့်အညီ ဆောင်ရွက်နိုင်ရေး၊ တရားဝင်ကုန်သွယ်မှုများလျင်မြန်စေရေး၊ ကုန်သွယ်မှုအခက်အခဲများကို စေ့စပ်ညှိနှိုင်းဆောင်ရွက်ပေးရေး၊ ကုန်သွယ်မှုလျာထားချက်ပြည့်မီရေး၊ ကုန်သွယ်မှုမြင့်တင်ရေးဆိုင်ရာ စသည့်ကိစ္စရပ်များကို ဆွေးနွေးပြောကြားပြီး တာချီလိတ် ကုန်သွယ်ရေးစခန်းတာဝန်ခံ ဦးမောင်မောင်လွင်က ကုန်သွယ်မှုအခြေအနေများအား ရှင်းလင်းတင်ပြရာ ပြည်နယ်စီးပွားရေးရာဝန်ကြီးက လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။

ယင်းနောက် ပြည်နယ်ပွားရေးရာဝန်ကြီးသည် တာချီလိတ်ကုန်သွယ်ရေးစခန်း၌ ဆောင်ရွက်လျက်ရှိသော တည်ဆောက်ရေးလုပ်ငန်းများ ရေရှည်တည်တံ့ကောင်းမွန်ရေးနှင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းများပြီးစီးရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)