စကုမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

မင်းဘူး ဩဂုတ် ၁၃

မကွေးတိုင်းဒေသကြီး၊  မင်းဘူးခရိုင်၊ စကုမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရန်နှင့် မြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များအပါအဝင် ကလေးငယ်များ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် ရည်ရွယ်၍ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) တောင်ရပ်ကျောင်း၊ ဈေးများနှင့် မြို့ပေါ်ရပ်ကွက်များ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း၊ အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းနှင့် ဖုံး ၊ သွန် ၊ လဲ၊ စစ်လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

ထိုသို့ဆောင်ရွက်ရာတွင် စကုမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးချိုစန်းလွင်ဦး၏ ကြီးကြပ်မှုဖြင့် မြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းအဖွဲ့က သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန် ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများ၊ ဈေးများ၊ ရပ်ကွက်များတွင် ရုံးအဆောက်အဦများ၊ စာသင်ခန်းများ၊ နေအိမ်များရှိ ရေတိုင်ကီများ၊ ကျောက်စည်ပိုင်းများ၊ ရေလှောင်ကန်များအတွင်း ခြင်များ ပိုးလောက်လန်းများ ပေါက်ပွားမှုကာကွယ်နိုင်ရန်၊ အဘိတ်ဆေးခပ်ခြင်း၊ ခြင်များ ခိုအောင်းနိုင်သောနေရာများနှင့် ရေတင်ကျန်နိုင်သော ဘူးခွက်များ၊ တာယာအဟောင်းများ၊ ဘုရားပန်းအိုးများကို ဖုံး၊  သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ခြင်း၊ ခြင်ဆေးဖျန်းခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။ 

အဆိုပါ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်း ဆောင်ရွက်နေမှုအား စကုမြိုအုပ်ချုပ်ရေးမှူး ဦးချိုစန်းလွင်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက် ကြည့်ရှုစစ်ဆေးပြီး မြို့နယ်အတွင်းသွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများတွင် ပြည်သူများပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇေယျာနိုင်(ရွှေကန်မြေ)