မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်

မကွေး သြဂုတ် ၁၃

မကွေးတိုင်းဒေသကြီး ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မကွေးမြို့ မြို့နယ်စုပေါင်းရုံးခန်းမ၌ကျင်းပရာ မကွေးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတပ်နယ်မှ အကြီးအကဲများ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မကွေးတိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့နာယကနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ လူငယ်မောင်မယ်များနှင့် ဆုရကျောင်းသား/ ကျောင်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အတွက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရုံးမှ ထုတ်ပြန်ကြေညာထားသည့် ဆောင်ပုဒ်ကတော့- "Local Youth Actions For The SDGs And Beyond" “လူငယ်စွမ်းအားမှသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်ဆီသို့” ဆိုသည့်အတိုင်း လူငယ်သည် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်ဖြစ်သည့်အပြင် ၎င်းတို့တွင် စွမ်းအားကြီးပြီး စိတ်ဝင်စားမှုများစွာဖြင့် မတူကွဲပြားသော ပူးပေါင်းဆောင်ရွက်မှုများ၊ အတွေးအခေါ်များ၊ တီထွင်ဖန်တီးနိုင်စွမ်းအား၊ ဗဟုသုတနှင့် ရဲရင့်မှုများပြည့်ဝနေသည့်အတွက် လူငယ်များအား မှန်ကန်စွာ လမ်းညွှန်ပေးနိုင်မည်ဆိုပါက ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတစ်နိုင်ငံဖြစ်လာအောင် စွမ်းဆောင်ဖန်တီးပေးနိုင်မည်ကို ယုံကြည်ပါကြောင်း၊ “ကမ္ဘာကြီး ပြောင်းလဲချင်ရင် လူငယ်တွေကို ပညာပေးပါ” ဆိုသည့် စကားအတိုင်း စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များ(SDGs) အောင်မြင်ရေးတွင် လူငယ်များ၏ အခန်းကဏ္ဍသည် အဓိကအရေးကြီးသည့် ကဏ္ဍတွင်ပါဝင်သလို ၂၀၁၅ ခုနှစ်တွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၁၉၃ နိုင်ငံက သဘောတူချမှတ်ခဲ့သော SDGs သည် ၂၀၃၀ ပြည့်နှစ်တွင် ဆင်းရဲမွဲတေမှုအဆုံးသတ်ရန်၊ ကမ္ဘာမြေကာကွယ်ရန်နှင့် ငြိမ်းချမ်းသာယာသော လူ့ဘောင်ဆီသို့ ဦးတည်သည့် ရည်မှန်းချက်ပန်းတိုင်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လူငယ်များ၏ စွမ်းအားသည် အဓိကသော့ချက်ဖြစ်သည့်အတွက် လူငယ်များအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ဖို့လိုအပ်ပါကြောင်း၊ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုများအဖြစ်ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးဆိုသည့်အတိုင်း နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် ထိုနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် လူငယ်များအပါအဝင် ပြည်သူပြည်သားအားလုံး၏ အလုပ်လုပ်နိုင်မှု စွမ်းရည်၊ အသိဉာဏ်ပညာစွမ်းရည်များလိုအပ်မှာ ဖြစ်သလို ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလဆိုတဲ့ ဗလငါးတန်ပြည့်စုံသော လူငယ်များ၏ စွမ်းရည်သတ္တိရှိရန်လည်း အထူးလိုအပ်ပါကြောင်း၊ မိမိတို့နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် လူငယ်များဟာနောင်တစ်ချိန်တွင် နိုင်ငံ့တာဝန်များကို ပုခုံးပြောင်းတာဝန်ယူဆောင်ရွက်ကြရမှာဖြစ်ပြီး လူငယ်များသည် ပိုမိုကောင်းမွန်သော အနာဂတ်ကို ဖန်တီးနိုင်မည့်သူများ မျှော်လင့်ချက်များဆိုသည်မှာ သံသယဖြစ်စရာမရှိသည့်အပြင် (Young People are without doubt the hopes for a better future) ဆိုသည့် စကားအတိုင်း အနာဂတ်တိုင်းပြည်ကို လူငယ်များက ဦးဆောင်သွားကြရမည်ဖြစ်တဲ့အတွက် လူငယ်များ လမ်းမှန်ရောက်အောင် လူကြီးများက လမ်းပြပျိုးထောင်ပေးသွားကြရမှာဖြစ်ကြောင်း အနာဂတ်မှာလူငယ်များ၏ လက်ထဲတွင် လူကြီးများ၏ ရှင်သန်မှုက မှီခိုရမည်ဖြစ်သည့်အတွက် လူငယ်များ၏ အကျင့်စာရိတ္တကောင်းမွန်ပြီး ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်ကာ စွမ်းဆောင်ရည် မြင့်မားကြဖို့ အရေးကြီးပါကြောင်း၊ “ယနေ့လူငယ် နောင်ဝယ်လူကြီး” ဆိုသည့် အတိုင်းယနေ့လူငယ်များအနေဖြင့် မိမိတို့၏ ကိုယ်ပိုင်စွမ်းအားများကို အကျိုးရှိရှိအသုံးပြုပြီး အုပ်ချုပ်ရေး၊ အခြေခံအဆောက်အအုံနှင့် ကုန်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အစရှိသည့် နယ်ပယ်အသီးသီးတွင် စဉ်ဆက်မပြတ်တိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်ပေးနိုင်သည့် အနာဂတ် လူငယ်မောင်/မယ်များ ဖြစ်လာနိုင်ကြပါစေကြောင်း စသည်ဖြင့် ပြောကြားသည်။

ဆက်လက်၍ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အတွက်ပေးပို့သည့် သဝဏ်လွှာအား တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်က ဖတ်ကြားသည်။

ထို့နောက် မကွေးတိုင်းဒေသကြီးအတွင်း ပညာရည်ချွန် ထူးချွန်ဆုရရှိသူများ၊ တိုင်းဒေသကြီး/ပြည်နယ် ပြေးခုန်ပစ်ပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုရရှိသူများနှင့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် Micro မာရသွန်ပြိုင်ပွဲနှင့် စက်ဘီးစီးနင်းပွဲတို့တွင် ဆုရရှိသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က ဆုများအသီးသီးချီးမြှင့်ပေးအပ်ကာ၊ ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆောင်ရွက်ချက် Video  Clip  အား ပြသခဲ့ကြောင်း သိရသည်။

မောင်ညီညာ