၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် "လူငယ်ဖိုရမ်" ဆွေးနွေးပွဲကျင်းပ

ရန်ကုန် သြဂုတ် ၁

၂ဝ၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် “လူငယ်ဖိုရမ်” ဆွေးနွေးပွဲကို သြဂုတ် ၁၁ ရက်နေ့ နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗန်းရှင်းစင်တာ(MCC)ခန်းမ၌ ကျင်းပသည်။

အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လူငယ့်ရေးရာကော်မတီဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး လူငယ့်ရေးရာအထောက်အကူပြုလုပ်ငန်းကော်မတီဝင်များ၊ ဆပ်ကော်မတီအသီးသီးမှ ကော်မတီဝင်များ၊ လူငယ်(၁၈)ဖွဲ့မှ ဥက္ကဋ္ဌများနှင့် လူငယ်ကိုယ်စားလှယ်များ၊ တက္ကသိုလ်၊ ကောလိပ်များမှ လူငယ်ကိုယ်စားလှယ်များ၊ လေ့လာသူလူငယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် ဝဏ္ဏကျော်ထင် ဒေါက်တာမောင်မောင်သိမ်းက "Leadership" ခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြောဆွေးနွေးသည်။

ဆက်လက်၍ “ဘက်စုံဖွံ့ဖြိုးတိုးတက်မှ ပြည့်စုံလှပလူငယ်ဘဝ” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းကျင်းပရာ ဦးသူရိန်အောင် (ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး လူငယ်စွန့်ဦးတီထွင်သူများအသင်း) က Moderator အဖြစ် ဆောင်ရွက်ပြီး၊ Speaker များအဖြစ် ဒေါ်ပို့ပို့ကြည်၊ ကိုကို(စက်မှုတက္ကသိုလ်)ဒေါ်မြသန္တာဦးတို့က ပါဝင်ဆွေးနွေးခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဟောပြောဆွေးနွေးကြသည့် ပညာရှင်များအား ဂုဏ်ပြုတံဆိပ်နှင့် အမှတ်တရလက်ဆောင်ပေးအပ်ပြီး လူငယ်ဖိုရမ်တွင် ပါဝင်ဆွေးနွေးကြသည့် လူငယ်များအား လိုက်လံကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်၍ ဆရာကြီးဦးတင်စံကျော်က "ယနေ့လူငယ်နောင်ဝယ်လူကြီး" ခေါင်းစစဥ်ဖြင့် အသိပညာပေးဆွေးနွေးခဲ့သည်။

ယင်းနောက် လူငယ်များက “၂ဝ၃ဝ ပြည့်နှစ် ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးမှုအစီအစဉ်အဖြစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင် (၁၇) ခု” ပါ ပန်းတိုင်များအား အုပ်စု(၅)စု ခွဲ၍" လူငယ်များပါဝင်သည့် တိုးတက်ခိုင်မာအားကောင်းသော လူမှုအသိုက်အဝန်းဖော်ဆောင်ရေး"၊ "ပညာပြည့်ဝကျန်းမာမှ လူငယ်ဘဝလှပမည်"၊ "စက်မှု၊ စီးပွား၊ နည်းပညာနှင့် လူငယ်များ၏ အနာဂတ်"၊ "တရားမျှတသော အခွင့်အလမ်းများဖြင့် တည်တံ့သောငြိမ်းချမ်းရေးတည်ဆောက်မည့် တို့လူငယ်"၊ "သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီသော မြို့ပြနှင့် ကျေးလက်လူငယ်များ၏ လူမှုအသိုက်အဝန်း" စသည့်ခေါင်းစဉ်များကို အုပ်စု(၅)စုမှ အုပ်စုတစ်ခုလျှင် လူငယ်(၄၂)ဦး ပါဝင်ဆွေးနွေးကြပြီး အုပ်စုအလိုက် ဆွေးနွေးခြင်းများအပေါ် သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အောင်မြင့် (ပြန်/ဆက်)