ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အခမ်းအနားတက်ရောက်

စစ်တွေ    ဩဂုတ်   ၁၂

အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်အဖွဲ့ဝင်များ ဖိတ်ကြားထားသူများတက်ရောက်ကြသည်။

အခမ်းအနားတွင်   ပြည်နယ်ဝန်ကြီးချုပ်က အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားကို နှစ်စဉ်နှစ်တိုင်း ဩဂုတ် ၁၂ ရက်တွင် ကမ္ဘာ့နိုင်ငံများ၌ ကျင်းပလျက်ရှိသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ရပ်ရွာအကျိုးပြုလုပ်ငန်းများ၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် လူငယ်များ ပိုမို ပါဝင်လာစေရန် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ကို လူငယ်လူရွယ်များ ပိုမိုသိရှိပြီး ပါဝင်ဆင်နွှဲလာကြစေရန်နှင့် လူငယ်များ၏ လိုလားချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ချက်များနှင့် နှစ်စဉ်ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း၊ ကုလသမဂ္ဂအဖွဲ့မှ ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားအတွက် ချမှတ်ပေးထားသော ဆောင်ပုဒ်မှာ လူငယ်စွမ်းအားမှသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်ဆီသို့ (Local Youth Actions For the SDGS and Beyond)ဖြစ်ကြောင်း၊   နိုင်ငံတော်ငြိမ်းချမ်းဖွံ့ဖြိုးရေးအတွက် နောင်အနာဂတ်ခေါင်းဆောင် ဖြစ်လာမည့် လူငယ်မျိုးဆက်သစ်များသည် တစ်ခေတ်ထက်တစ်ခေတ် ပိုမိုထူးချွန်ထက်မြက်စွာဖြင့် တွေ့ကြုံရမည့် စိန်ခေါ်မှုများကိုကျော်လွှားနိုင်ရန် လွန်စွာအရေးကြီးကြောင်း၊ လူငယ်များဘက်စုံထူးချွန်ပြီး အတတ်ပညာရှင် အသိပညာရှင်များ ထွက်ပေါ်လာစေရေး၊ ဗလငါးတန်ဖွံ့ဖြိုး တိုးတက်စေရေးနှင့် မှန်ကန်သော လမ်းကြောင်းပေါ်ကို ရောက်ရှိစေပြီး နိုင်ငံတော်ကိုအကျိုးပြုစေမည့် နိုင်ငံ့သားကောင်းများ ဖြစ်ပေါ်လာစေရေးအတွက် လူငယ်ရေးရာမူဝါဒကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ စည်းလုံးညီညွတ်ပြီး သဟဇာတဖြစ်သည့် အနာဂတ်လူ့ဘောင် အဖွဲ့အစည်းကို ထူးချွန်ထက်မြက်၊ ကျန်းမာကြံ့ခိုင်၊ တွေးခေါ်နိုင်စွမ်းရှိပြီး စိတ်ဓာတ်စည်းကမ်းနှင့် အကျင့်စာရိတ္တကောင်းမွန်သော လူတော်လူကောင်းများဖြင့်သာဖန်တီးဖော်ဆောင်နိုင်မည်ဖြစ်၍ နိုင်ငံ၏အနာဂတ်အတွက် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် သက်ဆိုင်ရာ ဝန်ကြီး ဌာနများ၊ အဖွဲ့အစည်းများ၊ ကော်မတီများမှ ကြိုးစားအားဆောင်ရွက် သွားကြရန်ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနား အတွက် ချီးမြှင့်ငွေများကိုပေးအပ်ရာ ပြည်နယ်လူမှုရေးရာဝန်ကြီးက လက်ခံရယူပြီး အပြည်ပြည် ဆိုင်ရာလူငယ်များနေ့ အခမ်းအနားသို့ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ထံမှ ပေးပို့သည့်သဝဏ်လွှာအား ပြည်နယ်လူမှုရေးရာဝန်ကြီးက ဖတ်ကြားသည်။ ယင်းနောက် လူငယ်လှုပ်ရှားမှု ဗီဒီယိုမှတ်တမ်းအားပြသပြီး ရခိုင်ရိုးရာအကအဖွဲ့က အရောက်လာလည် လေးရပ်မြေတေးသီချင်းဖြင့်ကပြဖျော်ဖြေကြသည်။

ထို့နောက် လူငယ်စကားဝိုင်းကို စစ်တွေတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်(စစ်တွေ) တို့မှ မဟာအရည်အချင်းစစ် ကျောင်းသား၊ ကျောင်းသူများ၊ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက ပြည်သူ့နီတိနှင့် နိုင်ငံသားကောင်းဖြစ်မှု၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှု၊ လူငယ်နှင့်မူးယစ်ဆေးဝါး၊ ကျား၊ မတန်းတူညီမျှရေး၊ လူငယ်နှင့် AI နည်းပညာ၊ ထိန်းသိမ်းစို့လေ ရိုးရာအမွေစသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးကြရာ တက်ရောက်လာကြသော လူငယ်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးကြ သူများနှင့် ရခိုင်ရိုးရာအကအဖွဲ့တို့အားဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခန်းမအတွင်း အပြည်ပြည်ဆိုင်ရာလူငယ်များနေ့လှုပ်ရှားဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံနှင့် ပိုစတာများပြသထားရှိမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ရွာကြီးမြောက်ရပ်ကွက် ဓမ္မရိပ်သာဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ပြီး နိုင်ငံတော်မှ ယာယီနေရပ်စွန့်ခွာပြည်သူ တစ်ဦးလျင် တစ်လ ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့် သုံးလစာအတွက် ငွေကျပ်(၆၀၀၀၀)အား ထောက်ပံ့ပေးနေမှု၊ ဆန်ရိက္ခာ နှင့်စားသုံးဆီများ ထောက်ပံ့ပေးနေမှု တို့ကိုရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များက ယာယီနေရပ်  စွန့်ခွာပြည်သူများအား ခေါက်ဆွဲခြောက်ထုပ်များကိုပေးအပ်ကြပြီး စားသုံးဆီများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနေမှုကို ကြည့်ရှုအားပေးသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စက်ရုံစုရပ်ကွက်ရှိ တေဇာရာမကမ္မဌာန်း (သရက်အုပ်) ဘုန်းတော်ကြီးကျောင်းတိုက်သို့ သွားရောက်ပြီး ယာယီနေရပ်စွန့်ခွာပြည်သူ တစ်ဦးလျှင် သုံးလစာအတွက် ငွေကျပ်(၆၀၀၀၀) ထောက်ပံ့ပေးနေမှုနှင့် စားသုံးဆီများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

တင်ထွန်း (ပြန်/ဆက်)၊  ဓာတ်ပုံ- ဝင်းမင်းစိုး