ရေတာရှည်မြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ရေတာရှည် သြဂုတ် ၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က မြို့မအားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်းနေရာယူပြီး ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဥက္ကာသန်းက အဖွင့်အမှာစကားပြောကြားပေးရာတွင် ပြိုင်ပွဲ၌ အားကစားစိတ်ဓာတ်ဖြင့် ကစားကြရန်၊ အနိုင်အရှုံးအဓိကမဟုတ်ဘဲ ပြိုင်ပွဲဝင်အချင်းချင်း ရင်းနှီးချစ်ခင်စွာဖြင့်ကစားကြရန် ပြောကြားပြီး အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့သည်။

ဘောလုံးပြိုင်ပွဲကို အသင်းပေါင်း(၁၀)သင်းဖြင့် အုပ်စု(၃)စု ပတ်လည်ကစားမှာဖြစ်ပြီး သြဂုတ်လ(၁၀)ရက်နေ့မှ (၃၁)ရက်နေ့ထိ ယှဉ်ပြိုင်ကစားသွားမှာဖြစ်သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဘောလုံးဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)