သနပ်ပင်မြို့၌ အခြေခံပညာကျောင်းများသို့ ကျောင်းကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

သနပ်ပင် သြဂုတ် ၁၂

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ဉာဏ်ရည်ထက်မြက်ပြီး ကျန်းမာသန်စွမ်းသော ကျောင်းသားလူငယ်များ ပေါ်ထွန်းလာစေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေးအလေ့အကျင့်ကောင်းများ ရရှိကျင့်သုံးနိုင်စေရန်ရည်ရွယ်၍ ကျောင်းကျန်းမာရေးလုပ်ငန်းများကို အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက အ.လ.က(ခွဲ)ဈေးပိုင်းကျောင်းတွင် ကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်းကျန်းမာရေးစစ်ဆေးပေးခြင်းကို ဘက်စုံသားဖွားဆရာမကြီး ဒေါ်စံပယ်နှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ကူးစက်ရောဂါများ ကြိုတင်ကာကွယ်ရေး၊ အာဟာရပြည့်ဝမျှတစွာ စားသုံးတတ်စေရန် အသိပညာပေး ဆွေးနွေးဟောပြောခဲ့သည်။ ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများအား သွားနှင့်ခံတွင်းကျန်းမာရေးစစ်ဆေးပေးခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေးစစ်ဆေးခြင်း၊ အထွေထွေကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးကုသပေးခြင်း၊ ကိုယ်အလေးချိန်နှင့်အရပ်တိုင်းတာပေးခြင်း၊ ကိုယ်ခန္ဓာကြီးထွားမှုစစ်ဆေးပေးခြင်း၊ သံချဆေးတိုက်ကျွေးခြင်းလုပ်ငန်းများ၊ ကျောင်းနှင့်ပတ်ဝန်းကျင် သန့်ရှင်းမှုအခြေအနေများကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သနပ်ပင်မြို့နယ်အနေဖြင့် ကျောင်းကျန်းမာရေးလုပ်ငန်းများကို အခြေခံပညာကျောင်းများသို့ကွင်းဆင်း၍ ကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ အထွေထွေကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ကျောင်းသား၊ ကျောင်းသူများကို သန်ချဆေးတိုက်ကျွေးခြင်းလုပ်ငန်းများကို ပညာရေးဌာနနှင့်ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်မြင့်မြတ် (ပြန်/ဆက်)