ပဲခူးမြို့၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် အမျိုးသား/အမျိုးသမီးတာဝေးအပြေးပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဩဂုတ် ၁၂

ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသော ၂ဝ၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် အမျိုးသား/အမျိုးသမီး တာဝေးအပြေးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးမျိုးအောင်က သေနတ်ပစ်ဖောက်၍ တာဝေးအပြေးပြိုင်ပွဲအား ဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ အမျိုးသား၊ အမျိုးသမီး တာဝေးအပြေးအားကစားသမားများက သတ်မှတ်ထားရှိသည့်နေရာများအထိ ပါဝင်ယှဉ်ကြရာ ပြေးလမ်းတစ်လျှောက် ဌာနဆိုင်ရာများ၊ ပြည်သူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် လူမှုရေးအသင်းအဖွဲ့များက သောင်းသောင်းဖျဖျအားပေးခဲ့ကြကာ ပန်းဝင်လာသူများအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများက ပန်းကုံးစွပ်ကြိုဆိုခဲ့ကြသည်။

ဆက်လက်၍ မြို့တော်ခန်းမ၌ ၂ဝ၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။

ရှေးဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အလေးပြုကြပြီး ပဲခူးတက္ကသိုလ် ကျောင်းသား/ကျောင်းသူလေးများမှ “လူငယ်စွမ်းရည်”တေးသီချင်းဖြင့် ဖျော်ဖြေကာ ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ယနေ့လူငယ်မောင်မယ်များအနေဖြင့် မိမိနိုင်ငံ့ကို ချစ်မြတ်နိုးစိတ်များတိုးပွားလာပြီး အနာဂတ်နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် အဓိကစွမ်းအားစုများဖြစ်၍ ထူးချွန်ထက်မြက်သော၊ ကျန်းမာကြံ့ခိုင်သော၊ တွေးခေါ်နိုင်စွမ်းရှိပြီး အကျင့်စာရိတ္တကောင်းမွန်သည့် လူတော်လူကောင်းများအဖြစ် နိုင်ငံ့တာဝန်ကို ရဲရင့်ယုံကြည်စွာဖြင့် အများကောင်းကျိုးကို သယ်ပိုးထမ်းဆောင်နိုင်တဲ့ သားကောင်းသမီးမွန်များဖြစ်အောင် ကြိုးစားနေထိုင်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အမျိုးသား တာဝေးအပြေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို ချီးမြှင့်ပေးအပ်သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက အမျိုးသမီးတာဝေးအပြေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူနှင့် ပန်းဝင်အဆင့် ၄ မှ အဆင့် ၃၀ အထိ ရရှိသူများအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို ပေးအပ်ချီးမြှင့်ကြပြီး အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် ဆောင်းပါးပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌက တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကိုလည်းကောင်း၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသူများအား တိုင်းဒေသကြီး ဥပဒေချုပ်ကလည်းကောင်း ဂုဏ်ပြုငွေချီးမြှင့်ပေးအပ်သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဒုတိယဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးမျိုးအောင်က အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားပြီး အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် မှတ်တမ်း Video Clip အားပြသရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုကြသည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီး အေရိုးဗစ်သင်တန်းသူလေးများမှ သရုပ်ပြသခဲ့ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့က ဖျော်ဖြေတင်ဆက်ခဲ့ကြသူများအား ဂုဏ်ပြုငွေချီးမြှင့်ပေးအပ်ခဲ့ကာ ပြသထားသော ပြခန်းအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)