ရွှေတောင်မြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း မဲပေးခြင်းဆိုင်ရာ အသိပညာပေးသင်တန်းဖွင့်လှစ်

ရွှေတောင် ဩဂုတ် ၁၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ၊ရွှေတောင်မြို့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း မဲပေးခြင်းဆိုင်ရာ အသိပညာပေးသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အားကစားခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ (ကိုယ်စား) ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးရာဇာလင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်သဲစုခိုင်စိုးက အီလက်ထရောနစ်မဲပေးစက်အကြောင်းနှင့် ပတ်သက်၍ ဥပဒေ၊ နည်းဥပဒေများနှင့် လုပ်ငန်းလက်စွဲများ ပြင်ဆင်ထားရှိမှုအခြေအနေများ၊ အီလက်ထရောနစ် မဲပေးစက်ဖွဲ့စည်းတည်ဆောက်ပုံများ၊ မဲပေးစက်တပ်ဆင်နေရာချထားခြင်းနှင့် မဲပေးခြင်းဆိုင်ရာကိစ္စရပ်များ၊ မဲပေးစက်မှ မဲရလဒ်များထုတ်ယူရေတွက်ပုံအဆင့်ဆင့်များ၊ မဲပေးစက်အသုံးပြုခြင်း၏ အကျိုးကျေးဇူးများနှင့် လုံခြုံစိတ်ချရမှုအခြေအနေများ စသည်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက အီလက်ထရောနစ်မဲပေးစက်ကိုင်တွယ် အသုံးပြုပုံနည်းအဆင့်ဆင့်တို့ကို လက်တွေ့စမ်းသပ်မဲပေးခြင်းနှင့် သိရှိလိုသည်များကို မေးမြန်းရာ မေးမြန်းခြင်းများအပေါ် ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)