မိုးညိုမြို့နယ်၌ သမဝါယမ မိုးစပါးစီမံကိန်းစိုက်ပျိုးထားရှိမှုအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

မိုးညို သြဂုတ် ၁၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ခင်ထူးမြင့်နှင့် အဖွဲ့သည် ညောင်ဝိုင်းကျေးရွာအုပ်စုအတွင်းရှိ "တက်လမ်း" စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းလီမိတက်မှ ဦးဝင်းမြင့်၏ အောင်နိုင်တိုးစပါးမျိုးဖြင့် မိုးစပါးစိုက်ပျိုးထားရှိမှုအား ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

အဆိုပါအောင်နိုင်တိုးစပါးမျိုးသည် အသက်ရက် ၁၂၀ ခန့်ရှိခြင်း၊ အနှံပါပင်ပွား - ၁၄၊ အရှည်(စင်တီမီတာ)- ၂၆ ဒသမ ၄၀၊ တစ်နှံပါသီးလုံး - ၁၈၀နှင့် တစ်နှံပါအောင်စေ့ - ၁၆၃ ရှိပြီး အောင်စေ့ရာခိုင်နူန်းမှာ(၉၀)ဖြစ်ကြောင်း၊ စပါးလုံးအုပ်စုမှာ ဧည့်မထအမျိုးအစားတွင် ပါဝင်ကြောင်း၊ ထူးခြားကောင်းမွန်သည့်လက္ခဏာများမှာ အသက်လျင်ခြင်း၊ အထွက်ကောင်းခြင်း၊ စားသုံးမှုကောင်းမွန်ခြင်း၊ ဆန်သားကြည်လင်ခြင်း၊ ဂုတ်ကျိုးရောဂါနှင့် ဖြုတ်ညိုပိုးဒဏ်အသင့်အတင့်ခံနိုင်ရည်ရှိခြင်းတို့အပြင် ဆည်ရေသောက်၊ မိုးရေသောက်ဒေသများတွင် စိုက်ပျိုးနိုင်ပြီး နွေရာသီ၊ မိုးရာသီနှင့် ရာသီအားလုံးတွင် စိုက်ပျိုးနိုင်ကြောင်း မြို့နယ်သမဝါယမဦးစီးဌာနမှ သိရသည်။

ကိုမင်း (ပြန်/ဆက်)