ဖြူး သြဂုတ် ၁၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျီးမနိုးကျေးရွာအုပ်စုရှိ လူငယ့်အားမာန်စိုက်ပျိုးရေးနှင့် လုပ်ငန်းစုံသမဝါယမအသင်း လယ်ယာများအတွက် ကုန်ထုတ်လမ်းကျောက်ရောမြေခင်းခြင်း၊ ကွန်ကရစ်တံတား(၁)စင်းနှင့် Pipe Culvert ရေပြွန်(၁)စင်းတည်ဆောက်ခြင်းလုပ်ငန်း စတင်ဆောင်ရွက်မှုအခြေအနေများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သြဂုတ် ၁၀ ရက်နေ့ နံနက်ပိုင်းက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစးမှူး၊ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် Uni Empire ကုမ္ပဏီမှကျပ်(၁၇၈)သန်းဖြင့် ဆောင်ရွက်မည့် ကျောက်ရောမြေလမ်း အရှည် (၁၂၀၀၀) ပေ၊ အကျယ် (၁၂)ပေ၊ ထု(၁)ပေရှိ ကျောက်ရောမြေခင်းကုန်ထုတ်လမ်း၊ အလျား(၁၂)ပေ၊ အကျယ် (၁၄)ပေ၊ အမြင့်(၁၁)ပေရှိ ကွန်ကရစ်တံတားတစ်စင်းနှင့် Pipe Culvert ရေပြွန် (၁) စင်း ဆောင်ရွက်မည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါကုန်ထုတ်လမ်းပြီးစီးသွားပါက လူငယ့်အားမာန်စိုက်ပျိုးရေးနှင့် လုပ်ငန်းစုံသမဝါယမအသင်းရှိ စပါးစိုက်ဧက(၄၀၀)ကျော်နှင့် ကျီးမနိုးကျေးရွာအုပ်စုအတွင်းရှိ စပါးစိုက်ဧကများ၊ အခြားစိုက်ပျိုးသီးနှံများ ဈေးကွက်သို့ အချိန်မီတင်ပို့ရောင်းချနိုင်ရေး အဆင်ပြေမည်ဖြစ်ကြောင်း သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)