ပခုက္ကူမြို့၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် လုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲ ကျင်းပ

ပခုက္ကူ ဩဂုတ် ၁၂

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ ဒေသတွင်းအသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်အတွင်း ဖွင့်လှစ်ဆောင်ရွက်ခဲ့သည့် သင်တန်းများမှ လုပ်ငန်းထူထောင်မည့်သင်တန်းသူများအား  လုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ပခုက္ကူမြို့၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

‌ရှေးဦးစွာ ပခုက္ကူခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်က အဖွင့်အမှာစကားပြောကြားပြီး ပခုက္ကူမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာယုက အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းဖြင့် သင်တန်းဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်များ၊ ဖွင့်လှစ်ပြီးစီးသည့် သင်တန်းအမျိုးအစားများနှင့် သင်ကြားပေးသည့် ဘာသာရပ်များအကြောင်းတို့ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် ၂၀၂၅-၂၀၂၆ ခုဘဏ္ဍာရေးနှစ်အတွင်းဖွင့်လှစ်ပြီးစီးခဲ့သည့် လက်ရက်ကန်းဒီဇိုင်းတီထွင်ဆန်းသစ်မှုနည်းပညာနှင့် စက်ချုပ်နည်းပညာသင်တန်းများမှ ကိုယ်ပိုင်လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသူ ၁၅ ဦးအား လုပ်ငန်းသုံးပစ္စည်းများပေးအပ်ကြရာ သင်တန်းများဖွင်းလှစ်ဆောင်ရွက်ပေးမှုအပေါ် သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ဆက်လက်၍ တာဝန်ရှိသူများက သင်တန်းကာလအတွင်း အသုံးပြုသည့် လက်ရက်ကန်းနှင့် စက်ရက်ကန်းပစ္စည်းများ၊ သင်တန်းသူများကိုယ်တိုင် ဒီဇိုင်းရေးဆွဲချုပ်လုပ်ထားသည့် အဝတ်အထည်ဒီဇိုင်းများနှင့် လူသုံးကုန်ပစ္စည်းများအား လှည့်လည်ကြည့်ရှုအားပေးကြသည်။

ပခုက္ကူမြို့၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းအနေဖြင့် ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်အတွင်း အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် လက်ရက်ကန်းဒီဇိုင်းတီထွင်ဆန်းသစ်မှုနည်းပညာသင်တန်းကို အမှတ်(၃)ရပ်ကွက်တွင်လည်းကောင်း၊ စက်ချုပ်နည်းပညာသင်တန်းကို အမှတ်(၅)နှင့်အမှတ်(၁၃) ရပ်ကွက်တို့တွင်လည်းကောင်း သင်တန်းတစ်ခုလျှင် သင်တန်းသား သင်တန်းသူ ၁၅ ဦးစီဖြင့် အခြေခံနှင့်မွမ်းမံသင်တန်းကို စာတွေ့လက်တွေ့ စနစ်တကျသင်ကြားပို့ချပေးခဲ့ရာ လုပ်ငန်းထောင်သူ ၁၅ ဦး ပေါ်ထွက်လာခဲ့ကြောင်း၊ ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်တွင် ဝင်ငွေတိုးစီမံကိန်းနှစ်ခုဖွင့်လှစ်ခဲ့ရာ လုပ်ငန်းထူထောင်သူ ၁၀ ဦး မွေးထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)