မင်းဘူး ဩဂုတ် ၁၂
မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင် ၊ မင်းဘူးမြို့နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ရေနံနှင့် ရေနံဓာတ်ငွေ့ရည်ထုတ်လုပ်မှုလုပ်ငန်း လည်ပတ်ဆောင်ရွက်နေမှုအခြေအနေများကို ယနေ့နံနက် ၉ နာရီက သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ အဆင်ပြေစွာ လည်ပတ်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မင်းဘူးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအေးလွင်နှင့် ကော်မတီအဖွဲ့ဝင်များသည် မင်းဘူးမြို့နယ် အမှတ်(၁)ရေနံဓာတ်ငွေ့ရည်စက်ရုံ(မင်းဘူး)သို့ ရောက်ရှိပြီး စက်ရုံတာဝန်ရှိသူများနှင့် ဝန်ထမ်းများကို တွေ့ဆုံကာ မြို့နယ်အတွင်း ရေနံဓာတ်ငွေ့ရည် နေ့စဉ်ထုတ်လုပ်ဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်ပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ရေနံဓာတ်ငွေ့ရည်စက်ရုံ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှု လုပ်ငန်းစဉ်များ ၊ စက်ရုံတည်နေရာ အကျယ်အဝန်းနှင့် မြေပိုင်ဆိုင်မှုအခြေအနေများ ၊ စက်ရုံမှ နေ့စဉ် ရေနံဓာတ်ငွေ့ရည် ကုန်ကြမ်း ၊ ကုန်ချော ထုတ်လုပ်နိုင်မှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက စက်ရုံဝန်ထမ်းများ၏ ရှင်းလင်းတင်ပြချက်များအပေါ် ရေနံဓာတ်ငွေ့ရည် တိုးချဲ့ထုတ်လုပ်နိုင်ရေးကိစ္စရပ်များ ၊ စက်ရုံလုံခြုံရေးနှင့် မီးဘေး လုံခြုံရေးဆိုင်ရာကိစ္စရပ်များ စနစ်တကျ ဆောင်ရွက်သွားရေးတို့ကို ဆွေးနွေးမှာကြားပြီး ရေနံဓာတ်ငွေ့ရည်စက်ရုံအတွင်း ဓာတ်ငွေ့ရည်ထုတ်လုပ်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအေးလွင်နှင့် တာဝန်ရှိသူများသည် မင်းဘူး မြို့နယ် မန်းရေနံမြေစုပေါင်းရုံး အစည်းအဝေးခန်းမသို့ သွားရောက်ပြီး ခေတ္တအထွေထွေမန်နေဂျာနှင့် ဝန်ထမ်းများ၊ လုပ်ငန်းအကျိုးတူပူးပေါင်းဆောင်ရွက်လုပ်ကိုင်သည့် MPRL ကုမ္ပဏီမှ တာဝန်ခံမန်နေဂျာနှင့် ဝန်ထမ်းများကို တွေ့ဆုံကာ မန်းရေနံမြေ၏ ရေနံထုတ်လုပ်မှုနှင့် ရေနံထွက်ရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ မန်းရေနံမြေ ခေတ္တအထွေထွေမန်နေဂျာ ဦးကျော်မင်းအေး က မန်းရေနံမြေ၏ လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှု အခြေအနေများကို အသေးစိတ် ရှင်းလင်းတင်ပြ ခဲ့သည်။
ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက မန်းရေနံမြေ၏ လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြမှုအပေါ် ရေနံမြေဧရိယာအတွင်း လုံခြုံရေး အထူးဂရုပြုဆောင်ရွက်ရေး၊ ဝန်ထမ်းများ စည်းလုံးညီညွတ်စွာ လုပ်ကိုင်ဆောင်ရွက်ရေးနှင့် မြေပိုင်ဆိုင်မှုအထောက်အထားများ ပြည့်စုံစွာရရှိရေး ဆောင်ရွက်ရန်လုပ်ငန်းများကို ဆွေးနွေးမှာကြားပြီး မန်းရေနံမြေဧရိယာအတွင်း ရေနံစိမ်းထုတ်လုပ်မှုအခြေအနေများနှင့် ရေနံစိမ်းသိုလှောင်ထားရှိမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )