ဂန့်ဂေါ ဩဂုတ် ၁၂
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် မိုးရာသီကာလတွင်အဖြစ်များသော သွေးလွန်တုပ်ကွေးရောဂါ ကင်းဝေးစေရန်အတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဂန့်ဂေါခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှ ဦးဆောင်ကာ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ သွေးလွန်တုပ်ကွေးရောဂါကင်းဝေးစေရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ဂန့်ဂေါမြို့၊ မြို့မရပ်ကွက်ရုံးပေါင်းစုံရှိ ဝန်ထမ်းအိမ်ယာများနှင့် ရပ်ကွက်အတွင်းရှိ နေအိမ်များသို့ ကွင်းဆင်း၍ဆောင်ရွက်ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌဒုတိယဗိုလ်မှူးကြီး ရဲရန်ပိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု စစ်ဆေးပြီး ပိုးလောက်လန်းပေါက်ပွားမှုမရှိစေရေး ရေတိုင်ကီ၊ ကျောက်စည်ပိုင်းနှင့် အုတ်ရေကန်များအတွင်းသို့ အဘိတ်ဆေးခတ်ခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။ ထိုသို့ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်ပြည်သူ့ကျန်းမာရေးဌာနခေတ္တ ဆေးရုံအုပ်ဒေါက်တာကျော်ကျော်လွင် ဦးဆောင်သည့် ကျန်းမာရေးဌာနမှဝန်ထမ်းများ ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပူးပေါင်းအဖွဲ့က ခြင်ကြောင့်ဖြစ်ပွားနိုင်သော သွေးလွန်တုပ်ကွေးရောဂါကာကွယ်နိုင်ရေး၊ ပိုးလာက်လန်းပေါက်ပွားမှုမှ ကာကွယ်နိုင်ရေးအတွက် ဝန်ထမ်းအိမ်ယာများနှင့် ရပ်ကွက်အတွင်းရှိ လူနေအိမ်ပတ်ဝန်းကျင်ရှိ ခြင်ခိုအောင်းနိုင်သောနေရာများ၊ ရေတင်ကျန်နိုင်သော ဘူးခွက်များ၊ ရေပုံး၊ ရေအိုးများ၊ ဘုရားပန်းအိုးများကို ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများဆောင်ရွက်၍ ရေတိုင်ကီ၊ ကျောက်စည်ပိုင်းနှင့် အုတ်ရေကန်များအတွင်းသို့ အဘိတ်ဆေးခတ်ခြင်းနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဂန့်ဂေါမြို့နယ်တွင် ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ဈေးများနှင့် ရပ်ကွက်/ကျေးရွာများတွင် မိုးရာသီကာလ ခြင်ကြောင့်ဖြစ်ပွားလေ့ရှိသော သွေးလွန်တုပ်ကွေးရောဂါကင်းဝေးစေရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ခြင်း၊ ပိုးလောက်လန်းပေါက်ပွားမှုကာကွယ်နိုင်ရေး အဘိတ်ဆေးများခပ်ခြင်း၊ ရာသီတုပ်ကွေးနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါများ မဖြစ်ပွားစေရေးအတွက် ကျန်းမာရေးအသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ကို ပြည်သူများပူးပေါင်းပါဝင်ကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မောင်မျိုးမင်း