ကန့်ဘလူ ဩဂုတ် ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုနည်း သင်တန်းကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကန့်ဘလူခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဉာဏ်တင့်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်မောင်ချိုတို့က အမှာစကားပြောကြားကြသည်။
ဆက်လက်၍ သင်တန်းတွင် ခရိုင်ရွေးကောက်ပွဲအရာရှိ ဦးရဲမင်းသော်က မြန်မာအီလက်ထရောနစ်မဲပေးစက်များ ကျွမ်းကျင်စွာကိုင်တွယ် အသုံးပြုနိုင်ရေးအတွက် စက်တည်ဆောက်ပုံ နည်းလမ်းများ၊ ထိန်းချုပ်စက်၊ ဆန္ဒပြုစက်၊ မဲပေးချက်ဖော်ပြသည့်စက်စသည့်လုပ်ငန်းများ ကျွမ်းကျင်စွာအသုံးပြုတတ်စေရန် စာတွေ့လက်တွေ့သင်ကြားပို့ချခဲ့သည်။
အဆိုပါသင်တန်းသို့ ကန့်ဘလူမြို့နယ်အတွင်းရှိ မဲရုံများတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုမဲရုံမှူး၊ ထိန်းချုပ်စက်ကိုင်တွယ်သူ စုစုပေါင်း သင်တန်းသား ၁၆၅ ဦး တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းကာလမှာ ၂ ရက်တာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း