ကျောက်ကြီး သြဂုတ် ၁၂
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ သိန်တန်းရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း သပြေဆောင်ခန်းမတွင် ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးမှူးရုံးတို့ ဦးဆောင်၍ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယမြို့နယ်ဦးစီးမှူးက မိမိဌာနအနေဖြင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ပတ်သက်ပြီး လူကုန်ကူးမှုအန္တရာယ်နှင့် နောက်ဆက်တွဲဆိုးကျိုးများကို အများပြည်သူသို့ အသိပညာပေးခြင်း၊ သတင်းဖြန့်ချီရေးဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိကြောင်း၊ ယနေ့နိုင်ငံတော်မှ လူကုန်ကူးမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်အဖြစ် သတ်မှတ်၍ နိုင်ငံသားအားလုံးပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း အသိပေးပြီး မည်သည့်အခြေအနေတွင် လူကုန်ကူးခံရနိုင်ကြောင်း၊ လူကုန်ကူးခံရသူများ၏ နောက်ဆက်တွဲဆိုးကျိုးများကို ဟောပြောပွဲသို့ တက်ရောက်လာသူများ စိတ်ဝင်စားစေရန် ရုပ်ပုံပါ ဗီနိုင်းပိုစတာများဖြင့် ရှင်းလင်းပြသဟောပြောခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါဟောပြောပွဲကို မြို့နယ်အခြေခံပညာအထက်တန်းကျောင်းရှိ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူ (၁၀၀) ဦးခန့် တက်ရောက်ပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် နံရံကပ်စာစောင်များနှင့် ရုပ်ပုံပါဗီနိုင်းပိုစတာများအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)