ပြည် ဩဂုတ် ၁၂
ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်၌ ဒေသခံမဲဆန္ဒရှင်ပြည်သူများ ပူးပေါင်းပါဝင်မှုဖြင့် မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပြည်မြို့ သီရိခေတ္တရာရတနာမြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြည်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူးဇော်ဝင်းဦးက အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိ ဒေါ်ထက်ထက်အောင်က မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ သိမှတ်ဖွယ်ရာအကြောင်းများနှင့် အသုံးပြုပုံ/ အသုံးပြုနည်းအကြောင်းကို ရှင်းလင်းဆွေးနွေးပြောကြားရာ တက်ရောက်သော မဲဆန္ဒရှင်ပြည်သူများက သိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးကြပြီး မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် တစ်ဦးချင်း လက်တွေ့စမ်းသပ်မဲပေးခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ပြည်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိများ၊ ပြည်မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများမှ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံမဲဆန္ဒရှင်ပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။
ကိုဆက် (ပြန်/ဆက်)