မောက်မယ် သြဂုတ် ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများအား ကျန်းမာရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီခွဲတွင် အခြေခံပညာအထက်တန်းကျောင်း (မောက်မယ်) နှင်းဆီဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမြမြသန်းက မိုးရာသီသွေးလွန်တုပ်ကွေးရောဂါကင်းဝေးစေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ရမည့်လုပ်ငန်းများမှာကြားခြင်း၊ ခြင်အန္တရာယ်ကင်းဝေးစေရေးနှင့် ခြင်များမပေါက်ဖွားစေရန်အတွက် နေအိမ်နှင့် ကျောင်းဝန်းအတွင်း ပြုလုပ်ဆောင်ရွက်ရမည့်နည်းလမ်းများ၊ မိုးရာသီတွင်အဖြစ်များသော ဝမ်းကိုက်ဝမ်းလျှောရောဂါများမဖြစ်ပွားစေရန် စားသောက်နေထိုင်ရမည့်နည်းလမ်းများ၊ ကူးစက်ရောဂါဖြစ်ပွားနိုင်သည့်အကြောင်းများ၊ ကူးစက်ရောဂါအမျိုးအစားများကို ပရိုဂျက်တာနှင့်တကွ အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)