ကျိုင်းလပ်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ကျိုင်းလပ် ဩဂုတ်လ ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့‌ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့ မွန်းလွဲ (၁)နာရီက အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတကြွယ်ဝစေရန်၊ လူအများရှေ့တွင် ရဲရဲဝံ့ဝံ့ပြောဆိုတတ်စေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး အားလပ်ချိန်ကို တန်ဖိုးရှိစွာ အသုံးချတက်စေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍  ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ ပြိုင်ပွဲသို့ အခြေခံပညာမူလတန်း ကျောင်းသား၊ ကျောင်းသူ (၁၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုဆုလက်ဆောင်များ ပေးအပ်ခဲ့သည်။ ထို့နောက် ပြိုင်ပွဲဝင်ကလေးများအား အာဟာရဖြည့်မုန့်များ ပေးဝေခဲ့ပြီး ပြိုင်ပွဲဝင် ကျောင်းသား/ ကျောင်းသူများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အပြည်ပြည်ဆိုင်ရာလူငယ်များ‌နေ့အထိမ်းအမှတ် စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

စန်းစန်းမြင့်(ပြန်/ဆက်)