သထုံမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

သထုံ ဩဂုတ် ၁

မွန်ပြည်နယ်၊ သထုံမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဖွံ့ဖြိုးတိုးတက်စေရေးအတွက် မူးယစ်‌ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောခြင်းကို တာဝန်ရှိသူများ ပူးပေါင်း၍ ယမန်နေ့ နံနက်က အဆိုပါ‌ကျောင်းရှိ လှမဉ္ဇူခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာ‌ပေးဟောပြောပွဲတွင် သထုံမြို့နယ်၊ ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး မျိုးအေးနှင့် အမှတ်(၆၂)မူးယစ်တပ်ဖွဲ့စုမှ ရဲအုပ်နေဝင်းဌေးတို့က မူးယစ်ဆေးဝါး၏ အဓိပ္ပါယ်၊ ဆိုးကျိုးများနှင့် စွဲလမ်းစေရသည့် အကြောင်းရင်းများ၊ မူးယစ်ဆေးအမျိုးအစားများ၊ မူးယစ်ဆေးဝါးအန္တရာယ်ထိန်းချုပ်ရေး ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း ရောင်းဝယ်ခြင်းတို့နှင့် ပတ်သက်သည့် ပြစ်မှုပြစ်ဒဏ်များတို့ကို အသိပညာပေးဆွေးနွေးဟောပြောခဲ့ကြသည်။

အဆိုပါအသိပညာပေးဟောပြောပွဲသို့ သထုံမြို့နယ်ရဲတပ်ဖွဲ့နှင့် အမှတ်(၆၂)မူးယစ်တပ်ဖွဲ့စုတို့မှ တာဝန်ရှိသူများ၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)