သထုံ ဩဂုတ် ၁၂
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြည်သူလူထုများ ပိုမိုစိတ်ဝင်စားပြီး ပူးပေါင်းပါဝင်ဆောင်ရွက်စေရန်နှင့် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ ပြည်သူများအသိပညာတိုးပွားစေရန်ရည်ရွယ်ကာ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့နံနက်က ကတိုက်ကြီးကျေးရွာ ကျေးလက်ကျန်းမာရေးဌာန၌ ပြုလုပ်ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျန်းမာရေးဌာနမှ တာဝန်ရှိသူတို့က ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊ အသက်ငါးနှစ်အောက်ကလေးများ၊ ကျောင်းနေအရွယ်ကလေးများအား ကျန်းမာရေးစစ်ဆေးခြင်း၊ ကိုယ်အလေးချိန်တိုင်းတာခြင်း၊ စနစ်တကျမှတ်တမ်းပြုစုခြင်းတို့ကို ဆောင်ရွက်ကြသည်။
ယင်းနောက် အခမ်းအနားကိုကျင်းပရာ ကျန်းမာရေးဝန်ထမ်းများက အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် သတ်မှတ်ခဲ့ပုံများ၊ ကျန်းမာရေးရက်သတ္တပတ်အလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များ၊ မွေးကင်းစကလေးများနှင့် အသက်ငါးနှစ်အောက်ကလေးများ၊ ကျောင်းသားလူငယ်များ အာဟာရဖွံ့ဖြိုးရေးဆိုင်ရာသိမှတ်ဖွယ်ရာကို ဆွေးနွေးပြောကြားပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဝေငှပေးအပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ ကတိုက်ကြီးကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာတို့မှ ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များ၊ ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)