မင်းဘူးခရိုင်နှင့် မြို့နယ်များတွင် သွေးလွန်တုပ်ကွေးရောဂါကင်းဝေးစေရန် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

မင်းဘူး ဩဂုတ် ၁၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်နှင့် မြို့နယ်များတွင် သွေးလွန်တုပ်ကွေးရောဂါ ကင်းဝေးစေရန်အတွက် ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ သွေးလွန်တုပ်ကွေးရောဂါကင်းဝေးစေရေး ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက မင်းဘူးမြို့ အမှတ်(၄) အခြေခံပညာမူလတန်း(လွန်)ကျောင်း၊ မင်းဘူးဈေးကြီး၊ ရှမ်းစုရပ်ကွက်နှင့် ရေလဲပေါက်ရပ်ကွက်တို့တွင် ဆောင်ရွက်လျက်ရှိရာ ခရိုင်စီမံခန်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအေးလွင်နှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးကာ ပိုးလောက်လန်းပေါက်ပွားမှုမရှိ‌စေရေး ရေတိုင်ကီ၊ ကျောက်စည်ပိုင်း၊ အုတ်ရေကန်များအတွင်းသို့ အဘိတ်ဆေးခပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဌာနမှ ဆရာ၊ ဆရာမများ၊ မိခင်နှင့်ဘကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းအဖွဲ့က ခြင်ကြောင့် ဖြစ်ပွားနိုင်သော သွေးလွန်တုပ်ကွေးရောဂါကာကွယ်နိုင်ရေး၊ ပိုးလောက်လန်းပေါက်ပွားမှုမှ ကာကွယ်နိုင်ရေးအတွက် ဈေးနှင့် ကျောင်းပတ်ဝန်းကျင်ရှိ ခြင်ခိုအောင်းနိုင်သောနေရာများ၊ ရေတင်ကျန်နိုင်သော ဘူးခွက်များ၊ ရေပုံး၊ ရေအိုးများ၊ ဘုရားပန်းအိုးများကို ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်၍ ရေတိုင်ကီ၊ ကျောက်စည်ပိုင်း၊ အုတ်ရေကန်များအတွင်း အဘိတ်ဆေးခပ်ခြင်းနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဇေယျာနိုင်(ရွှေကန်မြေ)