ငဖဲ ဩဂုတ် ၁၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး မြို့နယ်စာအုပ်စာပေချစ်မြတ်နိုးသူအသင်း (Book Club)နှင့် ကျောင်းသား၊ ကျောင်းသူများပူးပေါင်း၍ ယနေ့မွန်းလွဲ ၁၂ နာရီခွဲအချိန်က ဒေါက်တာမတင်ဝင်း(ပညာရေးတက္ကသိုလ်)ရေးသားသည့် “အလုပ်နဲ့ဘဝကိုတည်ဆောက်ခြင်း”စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပဆောင်ရွက်ခဲ့သည်။
စာဖတ်ဝိုင်းတွင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာကျော်က စာအုပ်စာပေများ လေ့လာဖတ်ရှုပြီး ပြန်လည်ဆွေးနွေးပြောကြားသည့် အလေ့အထဖြစ်ပေါ်စေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများ ကျင်းပဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး (Book Club) အဖွဲ့ဝင် ဒေါ်ဟန်နီထွန်းက စာရေးဆရာ ဒေါက်တာမတင်ဝင်း(ပညာရေးတက္ကသိုလ်)ရေးသားသည့် “အလုပ်နဲ့ဘဝကိုတည်ဆောက်ခြင်း”စာအုပ်မှ အလုပ်ကို အောင်မြင်အောင် ကြိုးစားလုပ်ဆောင်နေသူများသည် မိမိတို့၏ဘဝကို ခိုင်မာအောင် တည်ဆောက်နေသောလမ်းပေါ်တွင် လျှောက်နေကြသူများဖြစ်ကြောင်း၊ အလုပ်ကို အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သေးသည်ဖြစ်စေ သတိ၊ ဝီရိယထားကာ ကြိုးစားနေရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် Grade-11 ကျောင်းသား မောင်ဇေယျာဖြိုးက လူငယ်များအနေဖြင့် ဘယ်လိုအခြေအနေရောက်ရောက် အားမလျှော့ရန်၊ လုပ်သင့်တဲ့အလုပ်ကို ဉာဏ်နှင့်ယှဉ်၊ အခွင့်အခါကိုချင့်ချိန်ပြီး ပြည့်စုံအောင် ကြိုးစားအားထုတ်သင့်ကြောင်း၊ အောင်မြင်မှုသည် မိမိကိုယ်မိမိ မှန်ကန်စွာအကဲဖြတ်ပြီး မိမိနှင့်ကိုက်ညီသင့်လျော်သည့်အလုပ်ကို ကြိုးစားလုပ်ဆောင်တတ်သည့်အပေါ်မှာ အခြေတည်ကြောင်း ထုတ်နှုတ်ဖတ်ကြားဆွေးနွေး၍ ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများက စာအုပ်ပါအကြောင်းအရာများကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မယု(ငဖဲ)