ဇလွန် ဩဂုတ် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များနှင့် မွေးကင်းစမှ အသက် (၅)နှစ် အောက်ကလေးများ အာဟာရပြည့်ဝစေရေးနှင့် ကျန်းမာသန်စွမ်းစေရန်ရည်ရွယ်၍ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် အထိမ်း အမှတ် အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာရွှေဝါမြင့်က ကိုယ်ဝန်ဆောင်ချိန်မှ မီးဖွားချိန်နှင့်မွေးကင်းစမှ အသက် ၂ နှစ်အထိ ကလေးများ အာဟာရပြည့်ဝစေရေး နေ့စဥ်ပါဝင်ရမည့် အာဟာရဓာတ်များ၊ အစားအစာအုပ်စုများနှင့် မိခင်နို့တိုက်ကျွေး ခြင်းကြောင့်ရရှိလာမည့် အကျိုးကျေးဇူး၊ နို့မုန့်တိုက်ကျွေးခြင်းကြောင့် ဆိုးကျိုးနှင့်ဖြစ်ပေါ်လာမည့် ရောဂါများကို ရှင်းလင်းပြောကြား၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ယင်းနောက်ငါးနှစ်အောက်ကလေးငယ်များအား အာဟာရဖွံဖြိုးရေး ရက်သတ္တ ပတ်အဖြစ် Vitamin(A)နှင့် သံချဆေးတိုက်ကျွေးခြင်း၊ အာဟာရချို့တဲ့မှုကို စောင့်ကြပ်ကြည့်ရူ့ရန်အတွက် ကိုယ်အလေးချိန်ချိန်ခြင်း၊ လက်မောင်းလုံးပတ်တိုင်းခြင်း၊ အရပ်တိုင်းခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ကြက်ဥနှင့် (RUTF )အာဟာရအထုတ်များ ပေးအပ်ခဲ့ကြသည်။
အခမ်းအနားသို့ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မြင့်သန်းနုနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ရွှေဝါမြင့်နှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့ပေါ်(၅)ရပ်ကွက်မှ ကိုယ်ဝန် ဆောင် မိခင်များနှင့် နို့တိုက်မိခင်များ တက်ရောက်ခဲ့ကြသည်။
ဝေယံ-ဇလွန်