ဟိုင်းကြီးကျွန်း သြဂုတ် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ကျောင်းသား၊ကျောင်းသူများ ကျန်းမာသန်စွမ်း၍အသိပညာတိုးပွားစေရန်အတွက် ကျောင်းကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခြင်းကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က အ.ထ.က ဟိုင်းကြီး၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောက်ချောင်းကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများသည် ကျောင်းသား၊ကျောင်းသူများအား သန်ချဆေးတိုက်ကျွေးခြင်း၊ ကျောင်းသားကျောင်းသူများ၏ တစ်ကိုယ်ရည်သန့်ရှင်းမှုရှိ/မရှိ ကြည့်ရှုစစ်ဆေးခြင်း၊ သွားပိုးစားခြင်း၊ သွေးလွန်တုပ်ကွေးရောဂါလက္ခဏာများ၊ ဝမ်းပျက်ဝမ်းလျောရောဂါလက္ခဏာများနှင့် အခြားရောဂါလက္ခဏာများ ရှိ/မရှိတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား ကျောင်းတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် သွေးလွန်တုပ်ကွေးရောဂါဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ ဝမ်းပျက်ဝမ်းလျောရောဂါဆိုင်ရာ သိမှတ်ဖွယ်ရာများနှင့် ဆောင်ရန်ရှောင်ရန်တို့ကို အသိပညာပေးပြောကြားခဲ့ပြီး ကျောင်းသား၊ကျောင်းသူများ၏ မေးမြန်းမှုများအား ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြကာ ကျောင်းတာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေး၍ လိုအပ်သည်များအားမှာကြားခဲ့ကြောင်း သိရသည်။
လှိုင်မျိုးအောင်
ဟိုင်းကြီးကျွန်း (ပြန်/ဆက်)